ရန်ကုန်၊ နိုဝင်ဘာ ၂၄
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဆိုင်ကလုန်း မုန်တိုင်း လီဟာ ဖြစ်ပေါ်နေရာ ပင်လယ်ပြင်အတွင်း လှိုင်းအမြင့် ၁၂ ပေမှ ၁၅ ပေအထိ လှိုင်းကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များ ထွက်ခွာခြင်း မပြုရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။
အဆိုပါ မုန်တိုင်း အရှိန်ကြောင့် တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည် ဖြစ်ခြင်းကြောင့် ငါးဖမ်း ရေယာဉ်များ ထွက်ခွာခြင်း မပြုရန်နှင့် သွားလာခဲ့ပါကလည်း သတိပြုရန် လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။
အလားတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း မိုးလေ ဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်း မုန်တိုင်း အဆင့်ဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော် အတွင်းမှ အနောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားကာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ အားအကောင်းဆုံး အဆင့်ဖြင့် ဝင်ရောက် တိုက်ခတ်နိုင်ခြေ ရှိကြောင်း Joint Typhoon Warning Center (JTWC) က ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
ယင်းဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစု၊ ပို့လ်ဘလဲယားမြို့၏ အရှေ့တောင်ဘက် မိုင် ၁၃၀ ခန့် မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်-အနောက်မြောက်ဘက် ၂၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment