Mizzima Written by ပန်းမြတ်ဇော် Friday, 08 November 2013 10:17
သြစတြေးလျ ဓနသဟာရနိုင်ငံ ဘုရင်ခံချုပ်မစ္စစ်ကွင်တင်းရိုက်စ်နှင့် နန်းခင်ဇေယျာတို့သည် နိုဝင်ဘာ ၆ ရက်မွန်းလွဲ ၂ နာရီက သြစတြေးလျ ကလပ်တွင်တွေ့ဆုံ၍ အမျိုးသမီးအခွင့်အရေးများနှင့် ပတ်သက်ကာ ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ သြစတြေးလျ သံအမတ်၊ ပြည်တွင်းရှိ NGO အဖွဲ့အစည်းများမှ အမျိုးသမီး ၁၀ ဦးတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲနှင့်ပတ်သက်ပြီး နန်းခင်ဇေယျာက “အစက ပရဟိတလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေး ဖို့လုပ်ခဲ့ပေမယ့် အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ညီမတို့ ဘက်ကလည်း အမျိုးသမီးနဲ့ပတ်သက်တာတွေ ပြောပြခဲ့တယ်။ သူတို့ကမှတ်သွားတယ်။ သူတို့ဘက်ကလည်း သူတို့ကြုံတွေ့ရတာတွေ ပြောပြတယ်။ အမျိုးသမီးနဲ့ပတ်သက်ပြီး အများကြီးသိခဲ့ရပါတယ်” ဟု ပြောပြသည်။
ယင်းတွေ့ဆုံပွဲကို သြစတြေးလျဘုရင်ခံချုပ်ဘက်က နန်းခင်ဇေယျာအား ဒုတိယမြောက် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးလုပ်ပိုင်ခွင့်၊ တန်းတူဆက်ဆံခွင့် စသောအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ ကြပြီး သြစတြေးလျနိုင်ငံမှ တာဝန်ရှိသူများကမြန်မာနိုင်ငံ၏ အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များကို မှတ်တမ်းရယူခဲ့သော အဆင့်သာရှိခဲ့သည့် တွေ့ဆုံပွဲလည်းဖြစ်သည်။
၁၉၅၃ ခုနှစ်နောက်ပိုင်းမှစပြီး ပြည်ပမယ်ပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော မြန်မာနိုင်ငံတွင် နန်းခင်ဇေယျာသည် ပထမဆုံးယှဉ်ပြိုင်မှုအဖြစ်ဂျပန်နိုင်ငံတွင်ကျင်းပသည့် Miss International 2012 ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ၎င်းသည်လက်ရှိတွင်လည်း ပရဟိတလုပ်ငန်းများနှင့် အနုပညာလုပ်ငန်းများကို ဆောင်ရွက်နေသူတစ်ဦး လည်းဖြစ်သည်။
အေးချမ်းမွန် Credit To >General Knowledge
Post a Comment