Created on Saturday, 30 November 2013 02:32
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်အထိမ်းမှတ်အဖြစ် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြပွဲ တစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းမှ စတင်၍ ရန်ကုန်မြို့တော် ခန်းမရှေ့မှ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြပွဲကို လူအင်အား ၄၀ ခန့်မှ ယင်းနေ့မွန်းလွဲ ၂ နာရီခွဲ၌ ရန်ကုန်မြို့တော်ခန်းမရှေ့မှ စတင်၍ မဟာဗန္ဓုလလမ်း၊ ကမ်းနားလမ်းနှင့် ဗဟိုလမ်းအတိုင်း တရုတ်သံရုံးရှိရာ ပြည်ထောင်စု ရိပ်သာလမ်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒေါ်နော်အုံးလှက "ကျွန်မတို့ ဒီလိုဆန္ဒပြရတာက လက်ပံတောင်းတောင် သပိတ်စခန်းကို မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူတွေကို တစ်နှစ်သာ ပြည့်သွားတာ။ ခုထိဖော်ထုတ်အရေးယူခြင်း မရှိသေးတဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေ မြန်မာပြည်မှာ ရှိတယ်ဆိုတာ ပြည်သူတွေ မမေ့နိုင်အောင်၊ အမြဲအမှတ်ရနေဖို့အတွက် ဒီနေ့ဆန္ဒပြရတာ ဖြစ်ပါတယ်" ဟု ဆိုသည်။
အဆိုပါ ဆန္ဒပြရာတွင် "လက်ပံတောင်းတောင် မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန်" "၀မ်ပေါင် ငါတို့နိုင်ငံက ထွက်သွား" စသည့် စာတန်းများပါရှိသည့် ဗီနိုင်းများ ကိုင်ဆောင်၍ တရုတ်နိုင်ငံ သံရုံးရှိရာ ပြည်ထောင်စုရိပ်သာလမ်းသို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး တရုတ်သံရုံးရှေ့တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား တားဆီးခဲ့သဖြင့် ဗဟိုလမ်းနှင့် ပြည်ထောင်စုရိပ်သာ လမ်းထောင့်၌ ရပ်တန့်ဆန္ဒပြခဲ့ကြကာ တရုတ်နိုင်ငံအလံအား မီးရှို့၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်တန့်ရန် ၀မ်ပေါင်ကုမ္ပဏီကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြမှုကို ညနေ ၅ နာရီခန့် ရုပ်သိမ်းခဲ့ပြီး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူများတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး၊ ပုဒ်မ-၁၈ ဖျက်သိမ်းရေးတို့အတွက် တရားစွဲဆို အမှုဖွင့်ခံထားရသူအများစု ပါဝင်ခဲ့ကြောင်း သိရသည်။
တရုတ်သံရုံးရှေ့တွင် ဆန္ဒပြသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက တားဆီးနေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment