0


ယီးယတ်၊ နိုဝင်ဘာ ၂၂

ဥရောပသမဂ္ဂနှင့် နိုင်ငံရေး၊ ကုန်သွယ်ရေး သဘောတူညီမှုများ ရရှိအောင် ပြင်ဆင်နေမှုများကို ဆိုင်းငံ့ထားမည်ဟု ယူကရိန်း အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြ ထားသည်။

လာမည့် ရက်ပိုင်းအတွင်း ဥရောပသမဂ္ဂ အဖွဲ့ (EU) နှင့် သဘောတူညီချက်များ ညှိနှိုင်းရန် စီစဉ်ထားသော်လည်း အမျိုးသား လုံခြုံရေး အကျိုးစီးပွားကြောင့် ဆွေးနွေးမှု များကို ရပ်ဆိုင်းထားမည်ဟု ယူကရိန်းက ထုတ်ပြန်လိုက်သည်။

ထို့အပြင် ရုရှားနိုင်ငံနှင့် ယူကရိန်း နိုင်ငံကြား စီးပွားရေး ဆက်ဆံရေးအပေါ် EU အဖွဲ့နှင့် သဘောတူညီချက်များက မည်ကဲ့သို့ သက်ရောက်မှု ရှိမည်ကို သေသေချာချာ သုံးသပ် လိုခြင်းကြောင့် ဆိုင်းငံ့ရခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားနှင့် တက်ကြွသော ဆွေးနွေးမှု အသစ်များ ပြုလုပ်သွားမည် ဖြစ်ပြီး မော်စကို ဦးဆောင်သော အခွန်သမဂ္ဂ၊ လွတ်လပ်သော နိုင်ငံများ ဘုံအကျိုးစီးပွား အဖွဲ့ (CIS) ဝင်နိုင်ငံများနှင့်လည်း ဆွေးနွေး သွားမည်ဟု ကီးယတ်က ပြောကြားသည်။
“လွတ်လပ်သော နိုင်ငံများ ဘုံအကျိုးစီးပွား အဖွဲ့ကို တင်ပို့နေတဲ့ စက်မှု ပို့ကုန်ပမာဏ ကျဆင်းမှု ရပ်တန့်ရေး နည်းလမ်း မတွေ့ခင် အချိန်ထိ ယူကရိန်းနိုင်ငံက ပြင်ဆင်မှုတွေကို ရပ်တန့်ထားမှာပါ” ဟု ယူကရိန်း ဒုတိယဝန်ကြီးချုပ် ယူရီဘောကိုက အစိုးရအဖွဲ့ အစည်းအဝေး အပြီးတွင် ပြောကြားသည်။

ဥရောပသမဂ္ဂ အလိုကျ ဥပဒေကြမ်းများကို ယူကရိန်း ပါလီမန်က ဆက်တိုက် ငြင်းပယ်ပြီးနောက် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းများတွင် ထောင်ကျ ခံနေရသော ယူကရိန်း သမ္မတဟောင်း တိုင်မိုရှင်ကိုကို ဂျာမနီ နိုင်ငံသို့ သွားရောက်ပြီး ဆေးကုသခွင့်ပေးရေး ပါဝင်သည်။

တိုင်မိုရှင်ကိုမှာ ပစ်မှတ်ထား တရားစီရင် ခံရခြင်း ဖြစ်သည်ဟု နိုင်ငံအများက ယူဆထားပြီး ဥရောပသမဂ္ဂသို့ ယူကရိန်း ဝင်ရောက်ရေးတွင် အဓိက အတားအဆီး တစ်ရပ်ဖြစ်နေသည်။

ဥရောပသမဂ္ဂ အဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်၊ အဖွဲ့အစည်း သဘောတူညီမှုတို့ ရေးထိုးလိုပါက တိုင်မိုရှင်ကိုကို ပြန်လည် လွှတ်ပေးရမည်ဟု အဖွဲ့ဝင် ၂၈ နိုင်ငံရှိသည့် EU က တောင်းဆိုထားသည်။

ယူကရိန်းနိုင်ငံက ဥရောပသမဂ္ဂ အဖွဲ့သို့ ဝင်ရောက်ရေး ကာလရှည်ကြာ ကြိုးပမ်းနေသဖြင့် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဆက်ဆံရေးမှာ ပြီးခဲ့သည့် လများအတွင်း ဆိုးရွားလာခဲ့ပြီး လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ် ရေးထိုးပါက ကုန်သွယ်ရေး ပိတ်ဆို့မှု ပြုလုပ်မည်ဟု ရုရှားနိုင်ငံက ခြိမ်းခြောက်ထားသည်။

ထို့ကြောင့် ဥရောပသမဂ္ဂနှင့် ယူကရိန်း လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ကြောင့် ပေါ်ပေါက်လာနိုင်သော အကျိုးဆက်များကို ဥရောပသမဂ္ဂ၊ ရုရှားနှင့် ယူကရိန်း သုံးဖွဲ့ ပူးပေါင်း ကော်မတီ ဖွဲ့စည်းပြီး လေ့လာသုံးသပ်ရန် ယူကရိန်းက အဆိုပြုထားသည်။

အေးချမ်းမွန် Credit To > The Voice Weekly

Post a Comment

 
Top