0

မြန်မာနိုင်ငံသည် နိုင်ငံတကာ မျက်နှာစာတွင် ယခင်ကထက် ပိုမိုသတိထား စောင့်ကြည့်ခြင်း ခံလာရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။ ထို့အတွက် နိုင်ငံတကာစံများနှင့် ကိုက်ညီရန်လည်း သတိပြုရဦးမည် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် လက်ရှိတွေ့ကြုံ နေရသည့် အခြေအနေများမှ ပိုမိုကောင်းမွန်သည့် အခြေအနေဖြစ်ရန် အမှန်တကယ် ရလဒ်ကောင်းများ ရရှိနိုင်သည်အထိ လုပ်ဆောင်ရဦးမည် ဖြစ်သည်။

အစိုးရသက်တမ်း သုံးနှစ်နီးပါး ရှိလာသည့် မြန်မာနိုင်ငံအတွက် လုပ်ဆောင်စရာ ကိစ္စရပ်များ၊ အဖြေရှာရမည့် ငြိမ်းချမ်းရေးပုစ္ဆာ၊ ပုံမှန်အနေအထား ပြန်ရောက်ရန် ကူညီထောက်ပံ့မှုများစွာ ပေးရဦးမည့် စစ်ရှောင် ဒုက္ခသည်များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသများမှ ဒုက္ခသည်များ စသည်ဖြင့် အများအပြား ရှိနေသည်။

ယခုရက်ပိုင်းအတွင်း သတင်းဖြစ်စဉ် အတော်များများ၏ ပုံရိပ်များတွင် သတိထားစရာ ပုံရိပ်များ ပါဝင်လာသည်။ စစ်ဘေးဒဏ်များကြောင့် မိဘများနှင့်အတူ နေအိမ်များ စွန့်ခွာခဲ့ရသည့် ဒုက္ခသည် စခန်းများရောက် ကလေးသူငယ်များ၊ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းနှင့် သဘာဝ ဘေးအန္တရာယ် များကြောင့် မိဘများနှင့်အတူ ခိုလှုံရာ ကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိနေသော ကလေးငယ်များ စသည်ဖြင့် ကိစ္စရပ်တိုင်းတွင် လူကြီးများနှင့် တန်းတူ သက်ရောက်မှု အသီးသီးကို ကလေးငယ်များက ပါဝင်ခံစား လာရသည်။

''ကလေးဟာ လူကြီးရဲ့ အဖေပဲ'' ဟု အင်္ဂလိပ် ရိုမန်တစ် ကဗျာဆရာ ၀ီလျံဝပ်စ၀က်သ်က သူ၏ 'တမ်းချင်း' အမည်ရှိ ကဗျာရှည်တစ်ပုဒ်၏ အစတွင် ဖော်ပြခဲ့သည်။ လူကြီးတစ်ယောက် ဖြစ်လာမည့် လူတစ်ယောက်၏ ကံကြမ္မာသည် သူ၏ ကလေးဘ၀ တစ်လျှောက် တွေ့ကြုံဖြတ်သန်း သင်ယူလာခဲ့သည့်အပေါ် များစွာတည်မှီ နေသည်ဟု ဆိုလိုဟန် တူပါသည်။

ထို့ပြင် ''အပူအပင်ကင်းတဲ့ ကလေးဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ်။ အပြစ်မသိသေးတဲ့ ကလေးဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ်'' ဟူသော စိုင်းထီးဆိုင်၏ သီချင်းကို ကြားဖူးကြပါလိမ့်မည်။ အမှန်စင်စစ် 'လိုချင်တာ မရလျှင် ငိုမည်၊ လိုချင်တာရလျှင် ရယ်မည်' ဆိုသည်မှလွဲ၍ လောကအကြောင်း ဘာမှနားမလည် သေးသော ကလေးများမှာ သနားစရာ လည်းကောင်း၊ ချစ်စရာလည်း ကောင်းပါသည်။ ထို့ကြောင့် ကလေးများ ရှင်သန် ရပ်တည်နိုင်ရန် လူကြီးများ၏ ပြုစုစောင့်ရှောက်မှု အသေအချာ လိုအပ်ပါသည်။ နိုင်ငံ့အနာဂတ် အတွက် အရေးပါသည့် ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို သတိပြု စောင့်ရှောက်ရန် ပိုမိုလိုအပ်မည် ဖြစ်သည်။ 'လူကြီးဘ၀၌ မည်သို့သော လူမျိုးဖြစ်လာမည်' ဆိုသည့်အပေါ် 'သင်၏ ကလေးဘ၀က စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ မည်သို့သော ပြုစုပျိုးထောင်မှုမျိုး ရခဲ့သနည်း' ဟူသည့် အချက်ကများစွာ အရေးပါပါသည်။ အထူးသဖြင့် အရာရာကို စူးစမ်းကာ အမှတ်သညာကြီးသည့် ကလေးသူငယ် များအတွက် အစိုးရ အပါအ၀င် အားလုံးတွင် တာဝန်ရှိနေမည် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ကလေးသူငယ်များအား ဖွံ့ဖြိုးတိုးတက်အောင် ကောင်းစွာပြုစု စောင့်ရှောက်သော နိုင်ငံများသည်သာလျှင် နောင်အနာဂတ်၌ ကမ္ဘာ့အလယ်တွင် တင့်တယ်သော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ ဖြစ်လာသည်ဟူသည့် သာဓကများစွာ ရှိပါကြောင်း The Daily Eleven သတင်းစာက အကြံပြုရေးသား အပ်ပါသည်။

နိုဝင်ဘာလ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top