နိုင်ငံရေးသမားများ ထောင်ဒဏ်ကျခံရမည် ဆိုပါက ဂုဏ်သိက္ခာရှိသည့် အဆင့်အတန်း တစ်ခုဖြင့် သီးသန့်နေနိုင်မည့် အကျဉ်းထောင် အတွင်း B-Class စနစ်ကို ပြန်လည်ထားရှိပေးရန် လာမည့် ပထမအကြိမ် လွှတ်တော် န၀မပုံမှန် အစည်းအဝေးများတွင် တင်ပြသွားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုဝင်ဘာ ၂၇ ရက်က ပြောကြားသည်။
အဆိုပါ B-Class စနစ်သည် အင်္ဂလိပ် ကိုလိုနီခေတ် ကတည်းက နိုင်ငံရေး ပုဒ်မများဖြင့် ထောင်ဒဏ်ကျခံရ သူများအတွက် သီးသန့်ထားရှိသည့် စနစ်ဖြစ်ကြောင်း သိရပြီး လူမှုအဆင့်အတန်း၊ ပညာအခြေအနေ သို့မဟုတ် အထက်တန်းကျသည့် ပညာနေထိုင်မှု စနစ်တွင်ပါဝင်သူ အကျဉ်းသားများကို ဘီအဆင့် ရွေးချယ်ခံထိုက် သူများအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ယခင်က အကျဉ်းထောင် လက်စွဲပါ အခွင့်အရေးများတွင် အေ၊ ဘီ၊ စီ အဆင့် သုံးဆင့်ခွဲခြားထားပြီး တော်လှန်ရေး ကောင်စီအစိုးရ တက်လာပြီး နောက်ပိုင်းမှစကာ အေအဆင့်နှင့် ဘီအဆင့် သတ်မှတ်ထားမှုကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေး ပြဿနာများ၊ အယူအဆ ကွဲပြားမှုများ ရှိနေသမျှ နိုင်ငံရေး အကျဉ်းသားများ ရှိနေနိုင်မည် ဖြစ်ကြောင်း၊ ၂၀၁၃ မကုန်မီ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု ဆိုထားသော်လည်း တစ်ခါတည်း မပြီးပြတ်နိုင်ကြောင်း၊ ယင်းအတွက်ကြောင့် နောက်ထပ်နိုင်ငံရေး အကျဉ်းသားများ အဆင့်အတန်းရှိစွာ နေနိုင်ရန်အတွက် B-Class စနစ် ပြန်ထားပေးရန် တင်ပြမည် ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
''ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်သူပဲ အစိုးရတက်တက် အမြင်ချင်း မတူရင် ဖမ်းကြ ချုပ်ကြမှာပဲ။ အဲဒီတော့ ဒါကို ကျွန်တော်တို့လည်း အသက်ကြီးတဲ့ အချိန်မှာ နိုင်ငံရေး အမြင်မတူလို့ ထောင်ထဲဝင်ရမယ် ဆိုရင် ဘီကလပ်စ် ထားခြင်းဟာ အကောင်းဆုံးပဲ။ လုံခြုံမှုရဖို့။ အဲဒါကြောင့် B-Class ပြန်ထားရေး အဆိုကို န၀မအကြိမ် လွှတ်တော်မှာ တင်သွင်းသွားမှာပါ'' ဟု ဦးသိန်းညွန့်က ဆိုသည်။
B-Class ဖြင့် နေထိုင်ရမည့် အကျဉ်းသားတစ်ဦး အနေဖြင့် နေရေးထိုင်ရေး၊ စားရေးသောက်ရေး စသည်တို့တွင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မည် ဖြစ်သည့်အပြင် စာအုပ်စာတမ်းများ ဖတ်ရှုနိုင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွင်လည်း ထောင်ဆရာဝန်နှင့် အဆင်မပြေပါက ပြင်ပအထူးကု ဆရာဝန်ကြီးများကိုပါ ခေါ်ယူကုသနိုင်ခြင်း စသည့် အခွင့်အရေးများကိုပါ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
''အဲဒီအခွင့်အရေးမျိုးသာ တချို့ကျင့်သုံး နိုင်ခဲ့ရင် အခုထောင်ထဲမှာ ကွယ်လွန်သွားတဲ့ အကျဉ်းသား တစ်ရာလောက်ရဲ့ အသက်ကို ကယ်နိုင်မှာပါ။ အဲဒီတုန်းက စာဆိုတော်နေ့တို့ ဘာတို့ကျရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို၊ ဆရာကြီး ရွှေဥဒေါင်းတို့ကို ဖိတ်ကြားပြီးတော့ ရန်ကုန်ထောင်ထဲမှာ ဟောပြောပွဲတွေ လုပ်လို့ရတယ်။ ကျားဘငြိမ်း တို့ကိုလည်း ဖိတ်ကြားလို့ရတယ်။ အဲဒါဆိုရင် အင်မတန်မှ အခုနဲ့မတူတဲ့ အခွင့်အရေး မျိုးကိုရမယ်'' ဟု ဦးသိန်းညွန့်က ရှင်းပြသည်။
သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ် မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု ပြောကြား ထားသော်လည်း လက်ရှိအချိန်ထိ နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင်လည်း လယ်သမားရေး၊ ငြိမ်းချမ်းရေးစသည့် နိုင်ငံရေး လှုပ်ရှားသူများကို ထောင်ဒဏ်များ ချမှတ်လျက်ရှိဆဲဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသူများကို သံခြေချင်း ခတ်ခြင်းများ ရှိခဲ့ပြီး ယင်းအချက်မှာ လူ့ဂုဏ်သိက္ခာကို ချနင်းခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/
Post a Comment