0


ရန်ကုန်၊ အောက်တိုဘာ ၂၂

ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အောက်တိုဘာလ ၂၂ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် KNPP က အစိုးရနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်ရန် သဘောတူခဲ့ကြောင်း အဆိုပါ အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးခူးဦးရယ်က ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း များတွင် နေထိုင်လျက်ရှိသော ကရင်နီလူမျိုး ဒုက္ခသည်များ ပြန်လည် နေရာချထားရေး၊ နှစ်ဖက်တပ်များ နေရာချထားရေး အတွက် ဆွေးနွေးခဲ့ကြောင်း ၄င်းကပြောကြားသည်။
"နှစ်ဖက်တပ်တွေ နေရာချထားရေးကို မနက်ဖြန်မှ ဆက်ဆွေးနွေးသွားမှာပါ" ဟု ဦးခူးဦးရယ် က ဆိုသည်။

KNPP သည် ကယားပြည်နယ် အတွင်း လက်ရှိရင်ဆိုင်နေရသော အခက်အခဲ ပြဿနာများနှင့် အစိုးရ တပ်ခွဲ ၁၀ ခုနေရာချထားရေးကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNPP ထံမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် KNPP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးအပါအဝင် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့သည်။

ယင်းဆွေးနွေးပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့ အစည်း များထံမှ သိရှိရသည်။

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ဒေသရှိ ဒုက္ခသည်စခန်းတွင် ကရင်နီ တိုင်းရင်းသား ဒုက္ခသည် ၁၆၀၀၀ကျော် နေရပ်ပြန်နိုင်ရေး တွင်လည်း ယနေ့ကျင်းပသည့် ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် တက်ရောက် လက်မှတ်ထိုးရေး အတွက် KNPP နယ်မြေအတွင်း အစိုးရတပ်များ နေရာချထားမှု လျှော့ချပေးရန် KNPP က ယခုလအတွင်း ထုတ်ပြန် ကြေညာထားသည်။

KNPP သည် အပစ်အခတ်ရပ်စဲရေး အတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ သဘောတူညီထားပြီး အစိုးရနှင့် ခုနစ်ကြိမ် တွေ့ဆုံဆွေးနွေး ထားသော်လည်း တပ်များ နေရာချထားရေး အတွက် သဘောတူညီထားခြင်း မရှိသေးကြောင်း KNPP ထံမှ သိရသည်။

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top