ချိုကို | တနင်္လာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၁၇ မိနစ်
မြန်မာနိုင်ငံတွင် အိုင်တီကဏ္ဍအတွက် ငွေကြေးသုံးစွဲမှုမှာ တိုးတက်လာပြီးလာမည့် ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၂၃၃ ဒသမ ၅၅၆ သန်းအထိ ရှိလာနိုင်သည်ဟု Inter-national Data Corporation (IDC )က ခန့်မှန်းထားကြောင်း စင်ကာပူနိုင်ငံအခြေစိုက် Infocom Development Authority of Singapore (IDA) ၏ သတင်းထုတ်ပြန်ချက် တစ်ခုတွင် ပါဝင်သည်။
မြန်မာနိုင်ငံတွင် အိုင်တီကဏ္ဍအတွက် သုံးစွဲမှုမှာ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၀ ဒသမ ၅၁ သန်းရှိပြီး ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၂၃၃ ဒသမ ၅၅၆ သန်း အထိရှိလာမည်ဖြစ်ရာ နှစ်စဉ် ၁၆ ဒသမ ၁ ရာခိုင်နှုန်း တိုးတက် လာနိုင်သည်ဟုလည်း IDC က သတင်းထုတ်ပြန်ထားသည်။
IDC အနေဖြင့် ယင်းသို့ခန့်မှန်းထားသော်လည်း ပြည်တွင်းအိုင်တီဈေးကွက်၏ တိုးတက်လာမှုနှုန်းမှာ ယင်းပမာဏ ထက်ပင် ပိုမိုလာနိုင်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် အတွင်းရေးမှူး ဦးဇော် မင်းဦးက သုံးသပ်သည်။
၎င်းက “e-government ကို ၂၀၁၆ မတိုင်ခင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ IDC ခန့်မှန်းထားတဲ့ ကန်ဒေါ်လာသန်း ၂၀၀ ကျော်ထက် အများကြီးပိုမိုမြင့်မားလာဖို့ပဲရှိပါတယ်။ e-government အတွက် Softwareတွေနဲ့ ပစ္စည်းတွေ ပြည်တွင်းကို ၀ယ်ယူတင်သွင်းဖို့လည်းရှိသေးတယ်”ဟု ဆိုသည်။
ယင်းအပြင် အိုင်တီဈေးကွက် တိုးတက်လာရာတွင် Software ထက် Hardware ပစ္စည်းများဖြစ်သာ မိုဘိုင်းဖုန်း၊ တက်ဘလက် နှင့် ကွန်ပျူတာပစ်္စည်းများ၏ ဈေးကွက်ကပိုမိုကြီးမားနေသည်ဟုလည်း ဦးဇော်မင်းဦးက ဆိုသည်။
၎င်းက “အိုင်တီဈေးကွက်မှာဆိုရင်တော့ တက်ဘလက်၊ ကွန်ပျူတာနဲ့ စမတ်ဖုန်းလို Hardware ဈေးကွက်က တိုးတက်လာတာတွေ့ရတယ်။ အခုနောက်ပိုင်းဆိုရင်လည်း ပြည်တွင်းဈေးကွက်ထဲကို Software ၀ယ်လိုအားတွေ ၀ယ်ယူမှု တော်တော်မြင့်တက်လာတယ်”ဟု ဆိုသည်။
ထိုကဲ့သို့ ဖွံ့ဖြိုးမှုရှိနေသော ပြည်တွင်းအိုင်တီဈေးကွက်သို့ နိုင်ငံတကာကုမ္ပဏီများကလည်း စိတ်ဝင်စားမှု ရှိလာပြီးအောက်တိုဘာ ၁၇ ရက် မှ ၁၉ ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည့် International Myanmar ICT ပြပွဲတွင် နိုင်ငံတကာမှ ဆော့ဖ်ဝဲကုမ်္ပဏီများ၊ ICT Solution ကုမ္ပဏီများက နည်းပညာပိုင်းဆိုင်ရာနှင့် အိုင်တီထုတ်ကုန်များကို လာရောက်ပြသခဲ့ကြသည်။
ထို့အပြင် နိုင်ငံတကာမှ အိုင်စီတီကုမ္ပဏီများကလည်း မြန်မာနိုင်၏ ဖွံ့ဖြိုးတိုးတက်လာမည့် အိုင်တီဈေးကွက်ကို ၀င်ရောက်ရန် စိတ်ဝင်စားလျက်ရှိပြီး စင်ကာပူရှိInfocomm Development Authority of Singapore (IDA) ကလည်း စင်ကာပူနိုင်ငံမှ အိုင်စီတီကုမ္ပဏီများ၏ ကိုယ်စားလှယ်အဖွဲ့များကို ခေါ်ယူ ကာ International Myanmar ICT ပြပွဲတွင် ၀င်ရောက်ပြသခဲ့ပြီး ပြည်တွင်းအိုင်တီ လုပ်ငန်းရှင် များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
IDA ၏ Executive Deputy Chairman ဖြစ်သူ Mr.Steve Leonard က “မြန်မာနိုင်ငံရဲ့ တိုးတက်ကြီးထွားမှု အလားအလာတွေအပေါ် IDA က ခိုင်ခိုင်မာမာယုံကြည်မှုရှိသလို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့ မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေပေးရာမှာ ပါဝင်ကူညီမှာပါ”ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍသည် ၂၀၁၁ နောက်ပိုင်းက ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး အွန်လိုင်းငွေပေးချေမှုများ၊ Mobile Banking System များနှင့် အခြား e-commerce ဆိုင်ရာလုပ်ငန်းများတွင်ကျယ်စွာ အသုံးပြုလာရန် လိုအပ်နေသည် ဟုလည်း ပြည်တွင်းအိုင်တီပညာရှင်များက သုံးသပ်သည်။
အေးချမ်းမွန် Credit To > Mizzima - News in Burmese
Post a Comment