ရန်ကုန်၊ အောက်တိုဘာ ၂၄
ဇူလိုင်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားပြီး ဖြစ်သော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို ပြန်လည် ရုပ်သိမ်းပြီး အရပ်ဘက် အဖွဲ့ အစည်းများနှင့် တိုင်ပင်ကာ ရေးဆွဲထား သည့် ဥပဒေကြမ်းအသစ်ကို ထပ်မံတင်သွင်း သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ၏ အတွင်းရေးမှူး ဦးတင်မောင်ဦးက The Voice သို့ ပြောကြားသည်။
ယခင် တင်သွင်းထားသော ဥပဒေကြမ်းကို အရပ်ဘက် အဖွဲ့အစည်း အသီးသီးက ကန့်ကွက်ခဲ့သောကြောင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အကြံဉာဏ်ရယူကာ ပြန်လည် ရေးဆွဲထားသော ဥပဒေကြမ်း အသစ်ကို ထပ်မံတင်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ဥပဒေကြမ်းကို လာမည့် လပိုင်းအတွင်း ပြည်သူ့လွှတ်တော် သို့ ပြန်လည် တင်သွင်းသွားမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီထံမှ သိရှိရသည်။
ယခင်တင်သွင်းခဲ့သည့် ဥပဒေကြမ်းကို အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းဟု အမည် ပေးထားသော်လည်း အသစ်ပြန်တင်မည့် ဥပဒေကြမ်းကိုမူ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းအဖြစ် အမည် သတ်မှတ်ထားကြောင်း ဦးတင်မောင်ဦးက ရှင်းပြသည်။
ယခင်အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းသည် အသင်းအဖွဲ့များကို ချုပ်ချယ်မှုများခြင်း၊ အသင်းအဖွဲ့များအတွင်း ပါဝင် လှုပ်ရှားနေသူများကို အရေးယူခြင်း၊ ပြစ်ဒဏ်ပေးခြင်းများ ရှိခြင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း ပေးသွင်းရခြင်း၊ ဥပဒေအရ အစိုးရကို လုပ်ပိုင်ခွင့်အာဏာ ပေးထားမှုများ ရှိခြင်း နိုင်ငံတကာ စံနှုန်းနှင့် မညီခြင်း စသည့်အချက်များ ပါဝင်နေကြောင်း HIV/AIDS ရောဂါသည်များကို အကူအညီပေးသော 3N ကွန်ရက်မှ ဒေါ်ဇင်နွယ်ဝင်းက ပြောဆိုသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment