0

ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်နှင့် ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


တိုင်းရင်းသားရေးရာ ၀န်ကြီးများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများ အောက်တိုဘာ ၁၈ ရက်က နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီး ဌာန၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ယုဇနဟိုတယ်၌ BRAVEHEART Foundation မှ ပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲ၌ တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် သုံးချက်ဖြစ်သော တိုင်းရင်းသားရေးရာ ၀န်ကြီးများ၏ ပြည်တွင်း ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး၊ လုပ်ပိုင်ခွင့်၊ ဘတ်ဂျက်ခွဲဝေ ရရှိရေးကိစ္စရပ်များအား တိုင်းရင်းသားရေးရာနှင့် သက်ဆိုင်သည့် သမ္မတရုံးဝန်ကြီး ဦးလှထွန်းနှင့် တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုခဲ့သဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ ကချင်တိုင်းရင်းသား ရေးရာဝန်ကြီး ဒူဝါဇုတ်ဒေါင်က ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် တိုင်းနှင့် ပြည်နယ်ဝန်ကြီးများ ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမှ ဆုံးဖြတ်ထားသော်လည်း အချို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုင်းနှင့် ပြည်နယ်ဝန်ကြီးများနှင့် တန်းတူမဟုတ်သည့် ပုံစံဖြစ်နေပြီး ရုံးခန်းမရရှိသည့် သူများပင် ရှိသည့်အတွက် တစ်ပြေးညီ ခံစားခွင့်ရရှိရေး နိုင်ငံတော် သမ္မတရုံးမှ စာဖြင့်ညွှန်ကြား ပေးရေးနှင့် ထိုကဲ့သို့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနများ ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးအတွက် ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲပေးရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

''အကြမ်းဖျင်းအားဖြင့် ပြောရရင် ပထမတစ်ချက်မှာ ၀န်ကြီးဦးအောင်မင်းက အခုလာမယ့် ဧပြီ ၂ ရက်မှာ လုပ်မယ့် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ် ငြိမ်းချမ်းရေး၊ နောက်တစ်ခုက ဖက်ဒရယ်။ အဲဒီအတွက်ကို Framework တစ်ခုချမယ်။ အဲဒီအတွက် ဆွေးနွေးပွဲကို ဧပြီ ၂ ရက် လုပ်မယ်။ အဲဒီမှာ ကျွန်တော်တို့ကို တက်ခွင့်ပေးမယ်။ အဲဒါပြီးရင် အဲဒီ Framework အတိုင်း အမျိုးသား ညီလာခံ တစ်ခုလိုပဲ တိုင်းရင်းသား ညီလာခံတစ်ခုကို လုပ်မယ်။ အခုဆီးဂိမ်း ပြီးသွားလို့ရှိရင် ဆီးဂိမ်း အဆောက်အအုံတွေ (အာဆီယံ ဆီးဂိမ်းရွာ) နေရာတွေ ယူလိုက်ပြီးတော့ လုပ်မယ်။ အဲဒီအခါကျရင် တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားတွေ၊နိုင်ငံရေး ပါတီတွေအကုန်၊ လက်နက်ကိုင် အဖွဲ့တွေအကုန် ဆွေးနွေးပြီးတော့ ပင်လုံညီလာခံလို ဒုတိယပင်လုံ ညီလာခံတစ်ခု ကျင်းပမယ်။ အဲဒီမှာလည်း တိုင်းရင်းသားရေးရာ ၀န်ကြီးတွေ ပါဝင်ခွင့်ပေးမယ်လို့ ပြောတယ်။ ဒုတိယ အချက်ကတော့ သမ္မတရုံးဝန်ကြီးက စာထုတ်ပေးမယ်။ ညွှန်ကြားချက်တွေ ထုတ်ပေးမယ်လို့ ကတိပေးသွားတယ်'' ဟု ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

သို့ရာတွင် တတိယ တောင်းဆိုချက် ဖြစ်သည့် ဘတ်ဂျက်ထည့်သွင်း ရေးဆွဲရေးကိစ္စရပ်ကိုမူ ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးမည်ဟုသာ ပြောကြားခဲ့ပြီး ယတိပြတ် ကတိမပေးခဲ့ကြောင်း ၀န်ကြီးဦးဇော်အေးမောင်က ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦး၊ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ သမ္မတရုံး ဒုတိယ၀န်ကြီး ဦးသန့်ရှင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်နှင့် ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top