18.10.2013
လာမည့် အောက်တိုဘာလမှစ၍ ဆူးလေမီးပွိုင့်အနီးရှိ တော်ဝင်တံတားအောက်မှ လမ်းဖြတ်ကူးမှုများကို ဒဏ်ရိုက် အရေးယူမည်ဖြစ်ကြောင်း ‘ယာဉ်ထိန်းရဲတပ်ဖွဲ့’မှ သတင်းရ ရှိသည်။
ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံရှိ ဆူးလေမီးပွိုင့်တွင် တော်ဝင် လူကူးခုံးကျော်တံတား ပြင်ဆင်ပြီး ချိန်မှစ၍ တံတားအောက် ကားလမ်းဖြတ်ကူးခွင့်မပြုဘဲ ခုံးကျော်တံတားပေါ်မှသာ ဖြတ်သန်းစေခဲ့ကြောင်း၊ သို့သော် တံတားအောက်မှ လမ်းကူးမှုများ ရှိနေသည့်အတွက် စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုများကို အောက်တိုဘာလကုန်မှစ၍ ဒဏ်ရိုက်အရေးယူမည် ဖြစ်ကြောင်း သိရသည်။
“တံတားအောက်က လမ်းဖြတ်ကူးတာများလို့ အခုတော့ လူကူးမျဉ်းကျားကိုပါ ဖျက်လိုက်ပြီ၊ အခုလောလောဆယ်တော့ ကူးနေကြတုန်းပဲ၊ ကူးခွင့်လည်း ပေးထားတယ်၊ ဒီလကုန်လောက်မှပဲ ဖမ်းဆီး အရေးယူတာကို စမယ်၊ ဆီးဂိမ်းကလည်း မကြာခင်လာတော့မယ်၊ ဒီလို စည်းကမ်းမရှိ လမ်းကူးတာတွေ ရှိနေသေးရင် ခက်မယ်၊ ယာဉ်အန္တရာယ်လည်း ဖြစ်စေတယ်၊ ဒါကြောင့် ဒီလိုလုပ်တာ၊ ဒဏ်ရိုက်စနစ် ဆိုရင်တော့ ဒီလိုလမ်းကူးမှုက လျော့မှာပါ”ဟု ‘မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်းတံတား)’မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။
လူကူးခုံးကျော်တံတားအောက်မှ စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုကို တွေ့ရှိပါက ဒဏ်ကြေးငွေ ကျပ်၂,၂၀၀ ပေး ဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To >Automobile Journal
Post a Comment