0

အယ်ဒီတာ့အာဘော် ကဏ္ဍ

မြန်မာနိုင်ငံတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးက ဖွင့်လှစ်ထား သည့် ကျေးရွာစာကြည့် တိုက်ပေါင်း ၅၀၀၀၀ ကျော်ရှိသည်ဟုသိရ သည်။ ယင်းကို မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း က ယင်းစာကြည့်တိုက် များကို စီမံခန့်ခွဲသည်ဟု အကြမ်း ဖျင်းသိရသည်။ ထို့အပြင် စာပေရေချမ်းစင် ဆိုပြီးလည်း လုပ်ထားတာ ရှိသည်။ ဒါက အစိုးရက လုပ်ထားခြင်းဖြစ် သည်။ နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလည်း မို ဘိုင်းစာကြည့်တိုက် ဆိုပြီး ဖွင့်ထားတာရှိကြောင်း သိရ သည်။ ထို့ပြင် မြို့နယ်ရပ်ကွက်အလိုက် လူငယ်များ ဦးစီး ပြီး ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များ ဖွင့်လှစ်ထားကြ သည်ကိုလည်းတွေ့ဖူးသည်။ ဘာပဲပြောပြော စာကြည့်တိုက် တွေရှိ တာ ကောင်း သည့်လက္ခဏာပင် ဖြစ်သည်။ ဆရာ ကြီးမြသန်းတင့်၏ စကားနှင့်ပြောရလျှင် စာကြည့်တိုက် များသည် 'ဧကရာဇ်တို့၏ ဘဏ္ဍာ တိုက်များ'ပဲ ဖြစ်သည်။

ထိုအချက်များအရပြောရလျှင် မြန်မာနိုင်ငံ၏ စာ ပေအဆင့်အတန်း၊ စာပေဖတ်ရှုမှုနှုန်းသည် မြင့်မားသည် ဟု ထိုအချက်အလက်များ က ဖော်ပြနေသလိုရှိသည်။ သို့ ရာတွင် ထိုသို့မဟုတ်ပေ။

အထူးသဖြင့် ကျေးရွာများရှိ ပြန်ဆက်စာကြည့်တိုက်များသည် မိုဘိုင်းစာကြည့် တိုက် များ ဖြစ်နေသည်ဟု အောက်တိုဘာ ၂၀ ရက်က မြန်မာ နိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းက စီစဉ်ကျင်းပ သည့် မြန်မာနိုင်ငံ စာပေဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် စာအုပ်ဈေးပွဲတော်တွင် စာတမ်း ဖတ်ကြားသူတစ်ဦး က ပြောကြားလိုက် သည်ကို တွေ့ ရသည်။

ကျေးရွာများမှ စာကြည့်တိုက်တချို့တွင် ဖွင့်ပွဲ ပြုလုပ်စဉ် လူကြီးတစ်ဦးဦး လာရောက်ဖွင့်လှစ်ပေးချိန် တွင်သာ ထိုစာကြည့်တိုက်ထဲတွင် စာအုပ်များ ကို တွေ့ရပြီး နောက်တစ်ရွာတွင် စာကြည့်တိုက်ဖွင့်မည်ဆိုပါက ယခင် ရွာစာကြည့်တိုက်အတွင်းမှ စာအုပ်များကို ရွှေ့ပြောင်း ယူလာခြင်း ဖြစ်သဖြင့် ယခင်ရွာစာကြည့်တိုက်တွင် စာ အုပ်ဟောင်းလောင်းဖြစ်နေ သည်ကို တွေ့ရသည်ဟု ပြော ကြားသွားသည်ကို တွေ့ရသည်။

ထိုအခမ်းအနားမှာပင် နောက်ပုဂ္ဂိုလ်တစ်ဦးကလည်း သူ ရောက်ဖူးသည့် ရွာတစ် ရွာမှ စာကြည့်တိုက်ဆိုလျှင် စာကြည့်တိုက်အတွင်းမှ စာအုပ်များ ကို ကျေးရွာလူကြီးက သူ့အိမ်ယူထားသဖြင့် စာ ကြည့်တိုက်မှာ ဗလာဖြစ်နေပြီး စာကြည့်တိုက်အဆောက် အအုံသည် နွားတင်း ကုပ်ဖြစ်နေကြောင်း ပြောကြားသွား သည်ကို တွေ့ရပါသည်။

ထို့ပြင် ထိုထိုသော စာကြည့်တိုက် များ၊ စာပေရေချမ်းစင်များသည် ဖွင့်ပွဲနေ့တွင်သာ တ ကူးတက ခေါ်ဆောင်ထားသော စာအုပ်ဖတ် သူများကို တွေ့ရပြီး နောက်နေ့များတွင် မတွေ့ရဟုလည်း ပြောကြား သွားသည်မျိုးကို တွေ့ရပါသည်။ ထို့ထက်ဆိုးသည်မှာ ထိုထိုသောအစိုးရမှ ဖွင့်လှစ်ထားသော စာကြည့်တိုက် များသည် စာအုပ်ဖြည့်တင်းဝယ် ယူရေးထက် စာအုပ် တိုက်များ၊ အလှူရှင်များထံမှ စာအုပ်များကိုသာ အလှူ ခံ ဖြည့်တင်းထားခြင်းဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ သည်ကို တွေ့ရသည်။

ဆိုရလျှင် ထိုသို့အပြသဘောသာ ဖွင့်လှစ်ထား သည်ဆိုပါက ထိုမျှများပြားသော စာကြည့်တိုက်များ သည် ဝိညာဉ်ကင်းမဲ့နေသော အဆောက်အအုံများအဖြစ် သာရှိနေမည်ဖြစ်ပြီး အချိန်ကုန်ငွေကုန်ဖြင့် ဘာမျှအရာ ထင်ခြင်းရှိမည် မဟုတ်ချေ။ ယင်းတို့ကို သတင်းစာတွင်၊ ရုပ်သံတွင် လွှင့်ထုတ်နေသော်လည်း တကယ်တမ်းတွင် လူထုအကျိုး ၊ ဒေသအကျိုး ဖြစ်ထွန်းလာခြင်းရှိမည်မဟုတ် ပေ။ ထိုလုပ်ရပ်များသည် ယခင်ခေတ်က အစိုးရအဆက် ဆက် ဝါဒဖြန့်ချိရေး နည်းလမ်းအတိုင်း သာ ဖြစ်နေရာ စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာအုပ်စာပေ ၏တန်ဖိုး သည် ဆက်လက်မှေးမှိန်နေဦးမည်ဖြစ်ပြီး မြန်မာ့ လူ့အဖွဲ့အစည်း၏ အသိပညာဗဟုသုတရေချိန်ကို တိုးမြှင့် ပေးနိုင်မည် မဟုတ်သကဲ့သို့ စာကြည့်တိုက်များသည် လည်း ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်များ အဖြစ် မှ နွားတင်း ကုပ်ဘဝသို့ သက်ဆင်းကျရောက်သွားစေမည် ဖြစ်သည် ကို သတိမူ ပြုပြင်သင့်လှပေကြောင်း။

အယ်ဒီတာ

အောက်တိုဘာ ၂၂၊ ၂၀၁၃

Link=>http://goo.gl/3F7jhg

အေးချမ်းမွန် Credit To > Yangon Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top