မန္တလေး၊ အောက်တိုဘာ ၃၀
မန္တလေးမြို့တော် စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များက လျှပ်စစ်မီတာခများကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင် တိုးမြှင့် ကောက်ခံမည့်အစား ၂၀၁၄ ဇန်နဝါရီလ သို့မဟုတ် ဧပြီလမှ စတင်ကောက်ခံရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ စာတင်မည် ဖြစ်ကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။
ယင်းအပြင် စက်မှုလုပ်ငန်းသုံးအတွက် ယူနစ်ငါးထောင် အထက်ကို ၁၅၀ ကျပ် ကောက်ခံမည့်အစား တစ်ယူနစ် တစ်ရာကျပ်သာ ကောက်ခံရန်လည်း တင်ပြမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ ထပ်မံသိရသည်။
လျှပ်စစ်ဓာတ်အား သုံးစွဲခများ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ စက်မှုဇုန် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ကျင်းပရာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့် လုပ်ငန်းရှင် ၇၀ ကျော်ခန့် တက်ရောက်ခဲ့သည်။
နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ စက်မှုသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံရာမှ ၁၀၀ ကျပ်ထိ တိုးမြှင့်လိုက်ပြီး အဆိုပါ တစ်ယူနစ် ၁၀၀ ကျပ်ဖြင့် ယူနစ်ငါးထောင်ထိသာ ကောက်ခံမည်ဖြစ်ကာ ယင်းပမာဏ ကျော်လွန်သည့် ယူနစ်များကို တစ်ယူနစ်လျှင် ၁၅၀ ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။
အိမ်သုံးမီတာများအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ် ကောက်ခံပြီး ယူနစ်တစ်ရာ ကျော်ပါက ကျော်လွန်သည့် ပမာဏကို တစ်ယူနစ် ၅၀ ကျပ် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးအတွက် ယင်းသို့ တိုးမြှင့်ကောက်ခံခြင်း ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရသည်။
လုပ်ငန်းရှင်များအတွက် ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းကို ကုန်ထုတ်လုပ်ငန်းအတွက် ကြိုတင် ပြင်ဆင်နိုင်ရန် နှစ်လခန့် ကြိုတင် အကြောင်းကြားသင့်ကြောင်း စက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“အသေးစား လုပ်ငန်းရှင်တွေအတွက်က အိမ်သုံးမီတာနဲ့ လုပ်တာဆိုတာ ယူနစ်တစ်ရာကျော်ရင် ၅၀ နဲ့ ကောက်မယ်ဆိုတော့ သူတို့ကအခက်အခဲ ပိုဖြစ်မယ်ထင်တယ်” ဟု အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအသင်း စက်မှုနှင့် အရည်ကျို အခြေခံ အလုပ်ရှင်အဖွဲ့မှ အတွင်းရေးမှူး ဦးခင်မောင်သန်းက ပြောကြားသည်။
မန္တလေးစက်မှုဇုန် တည်ရှိရာ ပြည်ကြီးတံခွန် မြို့နယ်အတွင်း စက်တင်ဘာလက ဓာတ်အားသုံးစွဲ ယူနစ်ပေါင်း ၁၆ သန်း ရှိကြောင်း အဆိုပါ မြို့နယ်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး လုပ်ကိုင်ခွင့်ရသည့် ပစိဖိတ်ကုမ္ပဏီထံမှ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment