0


ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို အကာအကွယ်ပေးရေး အပါအ၀င် ပြည်ပသို့ အလုပ်သမား စေလွှတ်သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးရေးအတွက် အလုပ်သမား ၀န်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင် အေဂျင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးမှုတွင် ပြည်ပသို့ မြန်မာအလုပ်သမားများ စေလွှတ်သည့် လုပ်ငန်းစဉ်များတွင် တည်ဆဲဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ မြန်ဆန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ဖြေလျှော့သင့်သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးနိုင်ရေး တို့အပြင် ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်ရာတွင် လုပ်ငန်းစဉ်များ ချောမွေ့မြန်ဆန်ရေး၊ အလုပ်သမားများအား ဘေးကင်းလုံခြုံစွာ ပို့ဆောင်နိုင်ရေး၊ ယင်းအလုပ်သမားများအား အကာအကွယ် ပေးရေးတို့လည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် ယခင်က ယာယီ မြန်မာနိုင်ငံကူး လက်မှတ်ဖြင့် ဆောင်ရွက်ပေးနေရာမှ ယခုအခါတွင် သာမန်မြန်မာ နိုင်ငံကူး လက်မှတ်ဖြင့် စေလွှတ်နိုင်ရေး ကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

၁၉၉၉ ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပနိုင်ငံများသို့ တရားဝင် အလုပ်သမား ပို့ဆောင်ခွင့်လိုင်စင် ချထားပေးသည့် အေဂျင်စီ ၁၁၉ ခုရှိကြောင်း၊ ယင်းဥပဒေအရ အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်၍ လျော်ကြေး၊ နစ်နာကြေးများကို အေဂျင်စီ များမှတစ်ဆင့် တောင်းဆိုခွင့် ရှိကြောင်းနှင့် အလုပ်သမား ရပိုင်ခွင့်များ မရရှိပါက ဥပဒေအရ အေဂျင်စီများကို တရားစွဲဆိုခွင့် ရှိသည်ဟု ထုတ်ပြန်ထားပြီး အေဂျင်စီများမှတစ်ဆင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်ရာတွင် လုပ်ခ လစာ၊ အလုပ်အကိုင်၊ လုပ်ငန်းခွင် တည်နေရာတို့မှာ ပြောကြားချက်နှင့် မကိုက်ညီခြင်းကြောင့် အလုပ်သမားများမှ မကျေနပ်၍ တိုင်ကြားခံထားရသည့် အေဂျင်စီများ ရှိကြောင်း သိရသည်။

(တရားမ၀င် အလုပ်သမား ဖမ်းဆီးမှုကြောင့် မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများအား ရန်ကုန်လေဆိပ်တွင် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top