0


Created on Sunday, 20 October 2013 00:24 

၁၉၆၂ ခုနှစ်မှ စတင်ကာ ဖမ်းဆီးထိန်းသိမ်း ခံရသူများစာရင်း စနစ်တကျ ကောက်ယူနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ AAPP နှင့် ICTJ မှ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု အပြည်ပြည်ဆိုင်ရာ ကော်မတီ မြန်မာပရိုဂရမ် ခေါင်းဆောင်ဖြစ်သူ ပက်ထရစ်၊ မြန်မာကိုယ်စားလှယ် ပေါလီနှင့် အာရှတိုက်ဆိုင်ရာ ပြန်လည်ယုံကြည်မှု တည်ဆောက်ရေး ဒါရိုက်တာ ရူဗင်ကာရာနာတို့ အောက်တိုဘာ ၁၈ ရက်က AAPP ရုံးခန်းတွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ICTJ မှ တာဝန်ရှိသူ ပက်ထရစ်က "အသွင်ကူးပြောင်းရေး ကာလဆိုတဲ့ အခက်အခဲ အတိုင်းပဲ အရင်တုန်းက အစိုးရက အကြမ်းဖက်တာတွေ ရှိခဲ့တယ်။ အခုတော့ ရှေ့ကိုသွားနေပြီး အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ။ အတိတ်က နာကျင်မှုတွေကို ပစ္စုပ္ပန်ကို မယူနဲ့လို့ ပြောတာလွယ်ပေမယ့် အတိတ်က နာကျင်မှုတွေကြောင့် ပစ္စုပ္ပန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်ဖို့ ခက်ခဲတယ် ဆိုတာကို အခြားနိုင်ငံတွေမှာ တွေ့ကြုံခဲ့တာ ရှိတယ်" ဟု အသွင်ကူးပြောင်းရေး ကာလတွင် တွေ့ကြုံရနိုင်သည့် ပြဿနာများကို ရှင်းလင်းခဲ့သည်။

ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က "ကျွန်တော်တို့ သိတာကတော့ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ရှိလဲ ဆိုတာကိုသိမှ သူတို့ကို ဘာတွေလုပ်ပေးသင့်တယ် ဆိုတာကို စဉ်းစားလို့ ရမှာပါ။ နောက်ပြီး ဒီလူတွေ ပေးဆပ်ခဲ့လို့ စနစ်အပြောင်းအလဲ တစ်ခုကို ရခဲ့တဲ့ အကြောင်းကိုလည်း သမိုင်းမှတ်တမ်းတင်ဖို့ လိုပါတယ်။ သမိုင်းမှတ်တမ်း တင်ထားပါမှ နောင်မျိုးဆက်တွေ အနေနဲ့ အာဏာရှင် စနစ်ဆိုတာ ဆိုးရွားလှပါလားလို့ သိရှိပြီး နောက်ထပ်အာဏာရှင်တွေ မပေါ်ပေါက်အောင်လို့လည်း တားဆီးနိုင်မယ်။ ပြီးတော့ ထောင်ဥပဒေကိုလည်း ပြင်စေချင်တယ်။ အခုလောလောဆယ်တော့ အစိုးရက နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် မပြုသေးဘူး" ဟု ပြောကြားသည်။

ICTJ သည် နယူးယောက် အခြေစိုက် NGO အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို နိုင်ငံ ၃၀ တွင် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top