မုံရွာ၊ အောက်တိုဘာ ၂၄
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သော စံပယ်တောင် ကြေးနီ စီမံကိန်းနယ်မြေတွင် စွန့်ပစ်မြေများဖြင့် ဒုတ္ထာ ကြေးနီချက် လုပ်ငန်းများ လုပ်ကိုင်ခဲ့မှုကြောင့် ပျက်စီး ခဲ့သော မြေများကို မြေအစားထိုးမည် ဆိုပါက လက်ရှိ ကြေးနီချက်၍ အသက်မွေးဝမ်းကျောင်း ပြုနေသောသူများအတွက် အလုပ်အကိုင်နှင့် နစ်နာကြေးများ ပေးရန် မုံရွာခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း ကြေးနီချက်လုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြားသည်။
ကြေးနီချက်သူများ ကိုယ်တိုင်ရေးသားထားသည့်စာများ အပါအဝင် ကြေးနီချက် အကွက်ပိုင်ရှင် ၄၀၀ ကျော် လက်မှတ်ရေးထိုးထားသည့် စာရွက်များအား ပူးတွဲ တင်ပြထားခြင်း ဖြစ်ကြောင်း၊ အများစုမှာ ကြေးနီချက်၍ရသည့် မြေများတွင် အခြားမြေ အစားထိုးပါက လျော်ကြေးငွေ နစ်နာကြေး ရလိုမှုများပြီး အချို့သာ အလုပ်အကိုင် အခွင့်အလမ်း လိုချင်ကြကြောင်း ကံကုန်းကျေးရွာ အနီးတွင် ဒုတ္ထာချက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
“ဒီမြေဆိုးတွေကို ဖယ်ပြီးတော့ စိုက်ပျိုးမြေအဖြစ် ပြုပြင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို နှစ်ကြိမ် တင်ပြထားပြီးသားပါ၊ အစိုးရအဖွဲ့ကလဲ ခွင့်ပြုပါတယ်၊ ခက်တာက မြေတွေမှာ လက်ရှိတစ်ပိုင်တစ်နိုင် ကြေးချက်မှုတွေကလဲ ရှိနေတယ်တယ်၊ ဦးပိုင် ပေါက်သူတွေကလည်း ကံကုန်းတို့၊ ဒုန်းတောတို့မှာ ရှိတယ်။ သူတို့ကလဲ အရင်ကလက်လွှဲ ရောင်းချခဲ့ကြတော့ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ရာ အခက်အခဲလေးတွေ ရှိပါတယ်၊ မြေပြင်ဖို့ဆိုတာ ရက်ပိုင်းပဲ ကြာမှာပါ၊ စက်တွေနဲ့ လည်ပတ်ရင်”ဟု မြန်မာယန်စီကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပုသိမ်၊ မုံရွာ ကားလမ်းဘေးရှိ ဒုတ္ထာကြေးနီ ချက်လုပ်သည့် လုပ်ငန်းများ၏ ရလဒ်ဆိုးကျိုးများဖြစ်သော ကျန်ရစ်နေသည့် ညစ်နွမ်းမြေသားများဖြင့် ပတ်ဝန်းကျင် အရည်အသွေး လျော့နည်း ကျဆင်းမှု၊ ထိခိုက်ပျက်စီး နေမှုများကို ကြေးနီသတ္တုတွင်း စီမံကိန်းကုမ္ပဏီ၊ ဒေသခံ ပြည်သူလူထုနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက စုပေါင်း ညီညွှတ်စွာဖြင့် ပတ်ဝန်းကျင်ကို ကုစားခြင်း၊ပြင်ဆင်ခြင်း၊ ပတ်ဝန်းကျင်ကို ပြန်လည် ထူထောင်ခြင်း နည်းလမ်းများကို လိုက်နာကျင့်သုံးပြီး အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment