0

Wednesday, 30 October 2013

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ Cabinet အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရှစ်ထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံ ၂၈ လုံးအထိ ဆောက်လုပ်ခွင့် ပြုခဲ့ပြီး ယင်းအထဲတွင် ဟိုတယ်စီမံကိန်း ခြောက်လုံးပါဝင်ကြောင်း သိရသည်။

အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီသို့ တင်ပြလာသော ရှစ်ထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံ အများအပြား အနက်မှ ၂၈ လုံးကို ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ယင်းအထဲတွင် ၃၂ ထပ်မှာ အမြင့်ဆုံးဖြစ်ပြီး၊ အနိမ့်ဆုံးမှာ ၁၂ ထပ် အဆောက်အအုံများဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ခွင့် ပြုခဲ့သည့် ဟိုတယ်စီမံကိန်း ခြောက်ခုတွင် အနိမ့်ဆုံး ၁၂ ထပ်မှ အမြင့်ဆုံး ၂၄ ထပ်အထိ ပါဝင်ပြီး၊ ၈ ရပ်ကွက် ကမ္ဘာအေး ဘုရားလမ်း မရမ်းကုန်းမြို့နယ်တွင် ၁၂ ထပ် ဟိုတယ်တစ်လုံး၊ သစ္စာလမ်း ရန်ကင်းမြို့နယ်တွင် ၁၂ ထပ်ဟိုတယ် တစ်လုံး၊ ဝေဇယန္တာလမ်း
တောင်ဥက္ကလာပ မြို့နယ်တွင် ၁၂ ထပ်ခွဲ ဟိုတယ်တစ်လုံး၊ အနော်ရထာ
လမ်းနှင့် (၁)လမ်းထောင့် လမ်းမတော် မြို့နယ်တွင် ၁၄ ထပ် ဟိုတယ်
တစ်လုံး၊ ကျိုက္ကဆံလမ်း တာမွေမြို့နယ်တွင် ၂၄ ထပ် ဟိုတယ်တစ်လုံး၊ ကမ္ဘာအေး ဘုရားလမ်း (ယခင် စက်မှု ၁ ၀င်း) ဗဟန်းမြို့နယ်တွင် ၂၄ ထပ် (Five Star Hotel) တစ်လုံးတို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် အတွင်းသို့ ယခုနှစ်ပိုင်းအတွင်း နိုင်ငံခြားသား ခရီးသွား
ဧည့်သည် ၀င်ရောက်မှု များပြားလာခြင်းကြောင့် ဟိုတယ်လိုအပ်ချက်
များ မြင့်တက်ခဲ့ပြီး ထပ်မံဝင်ရောက်လာမည့် ခရီးသွား အလားအလာများကို
မျှော်မှန်းကာ ဟိုတယ်စီမံကိန်း အသစ်များ တည်ဆောက်ရန် ကြိုးပမ်းလာကြခြင်း ဖြစ်သည်ဟု သိရသည်။ ထို့ပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမီ ရန်ကုန်မြို့တွင် ဟိုတယ်များအသစ် ဖွင့်လှစ်ရန် လာရောက်တင်ပြမှု အချို့လည်း ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ယခုလအတွင်း ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု
ဖြစ်စဉ်ကြောင့် တည်းခိုနေထိုင်သည့် အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထား
သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် အချို့၏ ခရီးစဉ်များ ဖျက်သိမ်းမှုများ ရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ဟိုတယ်များ၏ လုံခြုံရေးကို တင်းကျပ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

အေးချမ်းမွန် Credit To > eleven media group https://www.facebook.com/excellencemedia

Post a Comment

 
Top