ရန်ကုန်၊ အောက်တိုဘာ ၂၀
မကြာမီ ကျင်းပမည်ဟု အစိုးရက ထုတ်ပြန် ကြေညာထားသော တိုင်းရင်းသားအားလုံး ပါဝင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် တက်ရောက် ဆွေးနွေးရန် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုနှင့် ရှမ်းနိုင်ငံရေး ပါတီနှစ်ခုသည် ရှမ်းပြည် ညီညွတ်ရေး ကော်မတီအဖြစ် ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ ကော်မတီဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
အဆိုပါ ရှမ်းပြည် ညီညွတ်ရေး ကော်မတီကို အောက်တိုဘာလ တတိယပတ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းဝေး ပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ရှမ်းပြည် ညီညွတ်ရေး ကော်မတီတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရှမ်း နိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီနှင့် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (SNDP) တို့ ပါဝင်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ရှမ်းတိုင်းရင်းသား ရပိုင်ခွင့်နှင့် ဖက်ဒရယ်စနစ် ကျင့်သုံးရေးတို့ကို အဆိုပါ ကော်မတီဝင်များ တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က ထပ်လောင်းပြောကြားသည်။
“ရှမ်းတိုင်းရင်းသားတွေ အားလုံးရဲ့ ဘုံသဘောတူညီချက်တွေ ဆုံးဖြတ်နိုင်အောင်လို့ ဒီကော်မတီကို ဖွဲ့စည်းလိုက်တာပါ” ဟု ၎င်းကဆိုသည်။
နိုင်ငံရေးပါတီများအပြင် ရှမ်းတိုင်းရင်းသား လူမှုအဖွဲ့အစည်းများလည်း ပါဝင်ဖွဲ့စည်းထားသော ရှမ်းပြည် ညီညွတ်ရေး ကော်မတီတွင် နိုင်ငံခြား ဆက်ဆံရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ လွှတ်တော်ရေးရာအဖွဲ့၊ ဥပဒေပိုင်းဆိုင်ရာ အဖွဲ့နှင့် ငြိမ်းချမ်းရေး သုတေသနအဖွဲ့များ ပါဝင်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
ငြိမ်းချမ်းရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို အောက်တိုဘာ လကုန်ပိုင်းတွင် ပြုလုပ်မည် ဖြစ်ပြီး ၂၀၁၄ ဇန်နဝါရီလမှ စတင်ကာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပေးမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာထားသည်။
အဆိုပါ ရှမ်းပြည် ညီညွတ်ရေး ကော်မတီရုံးများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့တို့တွင် ယခုလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment