မီဒီယာ ဥပဒေကြမ်းပါ အကြောင်းအရာ အချို့အား မီဒီယာ သမားများအတွက် ရှေးရှုကာ ပြင်ဆင်ချက်များ တင်သွင်းဆွေးနွေးမည်ဟု ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်က အောက်တိုဘာ ၁၉ ရက်က ပြောကြားသည်။
စာနယ်ဇင်းကောင်စီမှ ရေးဆွဲထားသည့် မီဒီယာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၌ ဆွေးနွေးကာ ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီးနောက် ပြည်သူ့လွှတ်တော်သို့ အောက်တိုဘာ ၁၅ ရက်တွင် ဆက်လက်ဆွေးနွေးနိုင်ရန် ရောက်ရှိလာခဲ့သည်။
"အမျိုးသားလွှတ်တော်ကနေ ဆွေးနွေးပြီး ရောက်ရှိလာတဲ့ မီဒီယာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အောက်တိုဘာ ၂၀ ရက် နောက်ဆုံးထား အမည်စာရင်း ပေးဖို့ပြောထားတာ ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ပြန်ကြားရေးဆိုင်ရာ ကော်မတီ အနေနဲ့ မီဒီယာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကော်မတီဝင်ကနေ ခြောက်ဦးပါဝင် ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အမျိုးသား လွှတ်တော်ရဲ့ ပြင်ချက်ချက်တွေ အားလုံးကိုလည်း သဘောတူမှာ မဟုတ်ဘဲ ပြင်ဆင်ချက်တွေ တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အစိုးရဘက်၊ စာနယ်ဇင်းကောင်စီဘက် မလိုက်ဘဲ မီဒီယာ လောကသားတွေအတွက် ရှေးရှုပြီး ပြင်ဆင်ချက်တွေ တင်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားသည်။
ထို့ပြင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲတင်သွင်းသည့် ပုံနှိပ်နှင့် ထုတ်ဝေရေးဆိုင်ရာ လုပ်ငန်းဥပဒေကြမ်းကိုလည်း ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ အနေနှင့် ပြင်ဆင်ချက် ၃၆ ချက်တင် သွင်းဆွေးနွေးမည်ဟု သိရသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက မီဒီယာ ဥပဒေကြမ်းတွင် ပါဝင်သည့် ပုဒ်မ ၁၂ အရ ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း တစ်ခုဖြစ်သည်ဆိုသည့် အချက်နှင့် ပုဒ်မ ၃၂ ဥပဒေအရ တားမြစ်ပိတ်ပင်ထားပြီး ပြစ်မှုဖြင့် အရေးယူခံရသည့် သတင်းစာ၊ ဂျာနယ်၊ စာစောင်စသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဆိုသည့် အချက်များကို ပယ်ဖျက်လိုက်သဖြင့် စာနယ်ဇင်းသမား အချို့က ဝေဖန်လျက် ရှိသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment