0


ရန်ကုန် အောက်တိုဘာ ၂၂

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းသူများအနေဖြင့် ယခုအခါ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန)ရုံးချုပ်ရှိ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်ဌာနတွင် မိမိတို့ မော်တော်ယာဉ်အတွက် အပူး ဂဏန်းနှင့် ရွေးဂဏန်းနံပါတ်များကို ယာဉ်ပိုင်ရှင်များ၏ဆန္ဒအရ ပွင့်လင်း မြင်သာစွာ ရွေးချယ်ဝယ်ယူခွင့် ရရှိနေ ပြီဖြစ်သည်။
ကညန(ရုံးချုပ်)ရှိ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်ဌာနတွင် အောက်တိုဘာ ၁ ရက်မှ ၁၈ ရက် အထိ အပူးဂဏန်းနှင့် ရွေးဂဏန်း နံပါတ်များဖြစ်သော မော်တော်ယာဉ် အစီး ၁၅ဝအတွက် ငွေကျပ်သိန်းပေါင်း ၁ဝ၆၉ သိန်း ကောက်ခံရရှိကြောင်း အဆိုပါဌာန၏ စာရင်းအရ သိရသည်။
အောက်တိုဘာလအတွင်း လေး လုံးပူး ဂဏန်းနံပါတ်များဖြစ်သော1G-9999 အား ငွေကျပ် ၃၂ သိန်း၊ 1G-8888 အား ငွေကျပ် ၃၆ သိန်း၊ 1G- 6666အား ငွေကျပ် ၂၆ သိန်း၊1G-4444 အား ငွေကျပ် သိန်း ၃ဝ၊ 1G-3333 အား ငွေကျပ် ၁၈ သိန်းနှင့် 1G-1111 အား ငွေကျပ် ၁၂ သိန်းဖြင့် ယာဉ်ပိုင်ရှင်များက ဝယ်ယူကြကြောင်း သိရသည်။
ကညနတိုင်းဦးစီးမှူးရုံး၌ ယာဉ်အို ယာဉ်ဟောင်းအပ်နှံပြီး အစားထိုး ယာဉ်များ တင်သွင်းရေး စီမံချက်အရ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၈ ရက် အထိ အပ်နှံပြီး ယာဉ်အို ယာဉ်ဟောင်း အစီးရေမှာ ၅၉၄ဝဝ စီးကျော်ရှိကြောင်း သိရသည်။
အေးကို(သတင်းစဉ်)

အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း https://www.facebook.com/excellencemedia

Post a Comment

 
Top