0


ရန်ကုန်၊ အောက်တိုဘာ ၁၈

ကုန်သည်ကြီးများ ဟိုတယ် အပါအဝင် နေရာအချို့တွင် ဗုံးဖောက်ခွဲမှုများ ဆက်တိုက် ပြုလုပ်ခဲ့သော ဖြစ်စဉ်များတွင် ပါဝင်သူ ရှစ်ဦးကို ဖမ်းဆီးထားပြီး ဖြစ်သော်လည်း ယင်းဖြစ်စဉ်များ၏ အဓိက ကြိုးကိုင်သူ တရားခံများကို မဖမ်းမိသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်း က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်များတွင် ဗုံးဖောက်ခွဲမှု များကို ကိုယ်တိုင်လည်းပါဝင်၊ ခိုင်းစေမှုလည်း ပြုလုပ်ခဲ့ သည်ဟုဆိုသော KNU စီးပွားရေး လုပ်ငန်း တစ်ခုတွင် တာဝန်ခံအဖြစ် လုပ်ကိုင်သူ နေတိုး (ခေါ်) စောရွှေထူး အပါအဝင် ပတ်သက်သူ အချို့ကို မဖမ်းမိသေးကြောင်း ၄င်းက ဆိုသည်။

နေတိုးဆိုသူသည် တောင်ငူမြို့ ချမ်းမြေ့ဟိုတယ် ဗုံးပေါက်ကွဲမှု၊ မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးဖောက်ခွဲရန် မိုင်းထောင်မှု၊ စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင် ယာဉ်ရပ်နားစခန်းနှင့် ရွှေပြည့်စုံ ဟိုတယ်တွင် မိုင်းဗုံးဖောက်ခွဲမှု များကို ကိုယ်တိုင် လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ရှိ ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် Western Park Ruby စားသောက်ဆိုင်တွင် ဗုံးထောင်မှုတို့တွင် စေခိုင်းသူဖြစ်ကြောင်း ဖမ်းဆီးထားသူ များကို ကနဦး စစ်ဆေးချက်များအပေါ် အခြေခံကာ ရဲချုပ်ဇော်ဝင်းက ရှင်းပြသည်။

ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးဖောက်ခဲ့သည်ဟု ထွက်ဆိုထားသည့် KNU တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သူ စောမြင့်လွင် (ခေါ်) မောထကို နေတိုးက ရွှေလုပ်ကွက်ပေးမည် ဟုဆိုကာ ခိုင်းစေခြင်း ဖြစ်ကြောင်း၊ ကုန်သည်ကြီးများ ဟိုတယ်နှင့် စားသောက်ဆိုင်များကို ဖောက်ခွဲရန် ငွေကျပ် ငါးသိန်းနှင့် မိုင်းဗုံးနှစ်လုံး ပေးခဲ့ကြောင်း စောမြင့်လွင်ကို စစ်ဆေးချက်အရ သိရှိရကြောင်း ၄င်းက ဆိုသည်။

KNU တွင် ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ထွက်ခဲ့သူ စောမြင့်လွင်သည် ဦးမြဖူး သတ္တူတူးဖော်ရေး လုပ်ငန်းတွင် နေ့စား ဝင်ရောက် လုပ်ကိုင်နေစဉ် KNU စီးပွားရေးလုပ်ငန်း တစ်ခုတွင် လုပ်ကိုင်သည့် နေတိုးနှင့် ရင်းနှီးခဲ့ပြီး စက်တင်ဘာလ ၂၈ ရက်နေ့တွင် မိုင်းဗုံး ၁၀ လုံးပြကာ ဖောက်ခွဲနည်းကို ၁၅ မိနစ်ကြာ သင်ပေးခဲ့ကြောင်း၊ စောမြင့်လွင်သည် အောက်တိုဘာလ ၄ ရက်နေ့တွင် ဦးမြဖူး၊ နေတိုးတို့နှင့် အတူ ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး အိုလံပစ် ဟိုတယ်တွင် တည်းခိုခဲ့ကြသည်ဟု စောမြင့်လွင်က ထွက်ဆိုကြောင်း ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

နေတိုး ဦးဆောင်သည့် အဖွဲ့သည် ရန်ကုန်၊ မန္တလေး၊ ချောင်းသာ၊ တောင်ငူ၊ သံတောင်၊ ပုဂံ၊ ညောင်ဦး၊ မကွေး၊ မင်းလှ၊ ပုပ္ပား၊ မိတ္ထီလာ၊ စစ်ကိုင်း စသည့် နေရာ များကို ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

ဗုံးဖောက်ခွဲမှုများကို အဖွဲ့အစည်း တစ်ဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်ပြီး ဗုံးဖောက်ခွဲမှုတွင် ပါဝင်သူ ရှစ်ဦးကို ဖမ်းဆီးထားပြီးဖြစ်ကာ အဓိကခေါင်းဆောင် နေတိုး အပါအဝင် ပါဝင်ပတ်သက်သူ အချို့ကို ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း ရဲချုပ်ဇော်ဝင်းက ဆက်လက် ပြောဆိုသည်။

ဗုံးဖောက်ခွဲမှု များကြောင့် ဖမ်းဆီးထားသူများတွင် ပါဝင်သည့် KNU နှင့် ပတ်သက်သူများကို KNU ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တစ်ဦးက လာရောက်စစ်မေးမှုများ ပြုလုပ်ခဲ့ပြီး၊ ဗုံးဖောက်ခွဲသူ များကို ဖမ်းဆီးရာတွင် KNU အဖွဲ့က ပူးပေါင်းကူညီပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ပေါက်ကွဲခဲ့သည့် မိုင်းဗုံးများကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံသူ တစ်ဦး အပါအဝင် လူလေးဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းဖြစ်စဉ်တွင် ဖောက်ခွဲရန် ပြင်ဆင်ခဲ့သည့် မိုင်းဗုံးဆယ်လုံးအနက် ခြောက်လုံးမှာ ပေါက်ကွဲခဲ့ပြီး လေးလုံးကို ရှင်းလင်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရှမ်းပြည်နယ် နမ့်ခမ်းတွင် ပေါက်ကွဲခဲ့သည့် ဗုံးကိစ္စမှာ စုံစမ်းစစ်ဆေးမှုများ မပြီးသေးသဖြင့် ထုတ်ပြန်၍ မရသေးကြောင်း ရဲချုပ်ဇော်ဝင်း က ဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့က ဖြူးမြို့ စာတိုက်အနီး လိုင်းကားပေါ်တွင် တွေ့ရှိခဲသည့် ဗုံးများ၊ တောင်ငူတွင် ပေါက်ကွဲသည့် ဗုံး၊ အင်းစိန် စော်ဘွားကြီးကုန်းတွင် ပေါက်ကွဲသည့် ဗုံး၊ သာကေတတွင် ပေါက်ကွဲသည့် ဗုံးများမှာ TNT ယမ်းတုံး အမျိုးအစား အသုံးပြုကာ ပြုလုပ်ထားသည့် ဒေသလုပ်ဗုံးများ ဖြစ်ပြီး Western Park Ruby၊ ကုန်သည်ကြီးများ ဟိုတယ်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် M-67 လက်ပစ်ဗုံး အမျိုးအစား အသုံးပြုထားသည့်ဗုံး များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အေးချမ်းမွန် Credit To >The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

 
Top