---
မာရီယို ဂေါ့ဇီကို အချိန်ပေးရန် လိုအပ်လိမ့်မည်ဟု ဘိုင်ယန်မြူးနစ် နည်းပြ ဂျိုးဆက် ဂွာဒီယိုလာက ပရိသတ်များအား သတိပေးလိုက်သည်။
ဘိုင်ယန်၏ ခါးသီးပြိုင်ဘက် ဘိုရပ်ရှား ဒေါ့တ်မန် အသင်းမှ ပြောင်းရွှေ့လာသည့် ဂျာမန်လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားသည် ယခုရာသီ အစောပိုင်းတွင် ဒဏ်ရာ ပြဿနာများဖြင့် ရုန်းကန်နေခဲ့ရသည်။ သို့သော်လည်း မိန့်ဇ်ကို (၄-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ဘိုင်ယန်အတွက် ဂေါ့ဇီ ပါဝင် ကစားပေးခဲ့ပြီး ခြေစွမ်းလည်း ပြသသွားသည်။ ရှောင်ပါကား၏ ဂိုးဖြင့် မိန့်ဇ်က ဦးဆောင်နေသည့်နောက် ရာဖင်ဟာ နေရာတွင် ဂေါ့ဇီကို လူစားဝင်ရောက် ကစားစေရန် ဂွာဒီယိုလာက ပထမပိုင်း အပြီး၌ ဆုံးဖြတ်ခဲ့သည်။
ယင်းအပြောင်းအလဲသည် အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့ပြီး အာယန်ရော်ဘန်နှင့် မာရီယို မန်ဇူကစ်တို့ ဂိုးသွင်းနိုင်အောင် ဂေါ့ဇီက ဖန်တီးပေးနိုင်ခဲ့သည်။ ထို့အပြင် သောမတ်စ် မူလာက (၂)ဂိုးထပ်သွင်းပြီး ဘိုင်ယန်တို့ အောင်ပွဲခံခဲ့သည်။ ဂွာဒီယိုလာက အသက်(၂၁)နှစ်ရှိ ဂေါ့ဇီအနေဖြင့် လတ်တလောတွင် ထိပ်တန်းအဆင့် ပုံစံကောင်း ပြန်ရရန် ကြိုးစားနေရဆဲဖြစ်ပြီး ၎င်းအတွက် စိတ်ရှည်ရှည် ထားပေးရန် လိုအပ်ကြောင်း ဘိုင်ယန် ပရိသတ်များကို ရည်ရွယ် ပြောကြားခဲ့သည်။
"ဂေါ့ဇီဟာ မယုံနိုင်လောက်အောင် ထူးချွန်တဲ့ ကစားသမားမျိုးပါ။ သူက ဉာဏ်ရည် ထက်မြက်သလို ပင်နယ်တီ ဧရိယာထဲမှာ ရွေ့လျားပုံတွေ သိပ်ကို ကောင်းမွန်ပါတယ်။ ဒါပေမဲ့ သူ့အတွက် အချိန်ပေးဖို့ လိုပါတယ်။ လောလောဆယ်တော့ ဂေါ့ဇီဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါပြီ။ အကောင်းဆုံး ပုံစံ ပြန်ရဖို့တော့ ဂေါ့ဇီ အနေနဲ့ ပွဲနည်းနည်းလောက် ထပ်ကစားဖို့ လိုပါသေးတယ်"ဟု ဂွာဒီယိုလာက မှတ်ချက်ပြုခဲ့သည်။ လတ်တလောတွင် ဘိုင်ယန်သည် (၉)ပွဲကစားပြီး (၂၃)မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နေကာ ဘိုရပ်ရှား ဒေါ့တ်မန်နှင့် ဘေယာလေဗာကူဆင်တို့က (၁)မှတ်လျော့ဖြင့် လိုက်လံ ဖိအားပေးလျှက်ရှိသည်။
အေးချမ်းမွန် Credit To >Soccer Myanmar
Post a Comment