0


စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်ရှိ တွင်းတောင်အား တွေ့ရစဉ်

    Created on Friday, 18 October 2013 23:05

သဘာဝသယံဇာတ တစ်ခုဖြစ်သော စပီရူလိုင်းနား ရေညှိထွက်ရှိရာ တွင်းတောင်အတွင်း ရေခါးစံနှုန်းအား ထိန်းသိမ်းနိုင်မှု မရှိခြင်းကြောင့် နှစ်နှစ်အတွင်း ရေညှိထွက်ရှိမှုမှာ ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

တွင်းတောင်တွင် နှစ်စဉ်ရေညှိ ထုတ်လုပ်မှုသည် ၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင် မက်ထရစ်တန် ၁၄၀ အထိ ထုတ်လုပ်နိုင်ခဲ့ပြီး၊ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ၁၃၈ မက်ထရစ်တန်အထိ ထုတ်လုပ်နိုင်ခဲ့ကာ ၂၀၁၁-၂၀၁၂ ခုနှစ် တွင် ၇၈ မက်ထရစ် တန်အထိ ကျဆင်းလာကာ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂၄ မက်ထရစ်တန် အထိ အထွက်နှုန်းသည် ၇၅ ရာ ခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းလာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရေညှိအထွက်နှုန်း ကျဆင်းလာမှုနှင့် ပတ်သက်၍ ရေညှိပညာရှင် ဒေါက်တာမင်းသိန်းက ''ရေညှိထွက်ရှိတာက အရမ်းကို သိသာလာတယ်။ စစ်ကိုင်းက ဘုတလင် မြစ်ရေတင် စီမံကိန်းကရေတွေ တွင်းတောင်ထဲဝင်လို့ ဖြစ်တယ်။ တွင်းတောင် ပတ်ဝန်းကျင်က မီးတောင်မြေဆိုတော့ ရေမတင်ဘဲ စိမ့်ရေဖြစ်ပြီးတော့ တွင်းတောင်ထဲ ၀င်လာတဲ့အတွက် ရေခါးစံနှုန်း ကျဆင်းလာတာ ဖြစ်တယ်။ အရင်က ရေခါးစံနှုန်းက ၉ ဒသမ ၅ ကနေ ၁၀ ဒသမ ၅ လောက် ထိရှိတယ်။ အခုဆိုရင် ၈ ဒသမ ၇ ကနေ ၉ လောက်ထိကို ရေခါးစံနှုန်း သိသိသာသာကို လျော့ကျလာတယ်။ ရေချိုတွေ ၀င်တာများလာတော့ တွင်းတောင်မှာရှိတဲ့ ဆားတွေကို မထိန်းနိုင်တော့ဘူး။ ရှားပါးသယံဇာတ တစ်ခုကို ပျောက်ဆုံးခံမှာလား။ မြစ်ရေတင် စီမံကိန်းက ရေတင်တဲ့နှုန်းကို လျော့ချမှာလား တစ်ခုခုကိုတော့ စဉ်းစားဖို့ လိုလာပြီ'' ဟု ပြောကြားသည်။

တွင်းတောင်သည် မီးငြိမ်းတောင်ဟောင်း တစ်ခုဖြစ်သဖြင့် မြေအမျိုးအစား များသည် မီးသင့်ကျောက် အမျိုးအစားဖြစ်ကာ ရသီဥတု ဖောက်ပြန်မှုကို ပိုမိုဖြစ်ပွား နိုင်သဖြင့် အထွက်နှုန်း ကျဆင်းမှုမှာ ၎င်းဖြစ်စဉ်များကြောင့် ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

''မီးငြိမ်းတောင်တွေရဲ့ မြေအမျိုးအစားက မီးသင့်ကျောက်တွေ မီးသင့်ကျောက်နဲ့ ပတ်သက်လို့ ၁၉၉၇ နဲ့ ၁၉၉၈ တွေမှာ အပူချိန် စံချိန်တင် မြင့်တက်ခဲ့မှုကြောင့် အလွန်ပူပြင်း ခြောက်သွေ့ခဲ့ပါတယ်။ ၁၉၉၉ အထိ အပူရှိန်က ဆက်လက် ပူပြင်းခဲ့တယ်။ ၂၀၀၉ ခုနှစ် မိုးဦးလည်းရောက်ရော ပြန်ကျမိုးလေး တစ်ချက်ရွာလိုက်တာ မိုးတိမ်တောင် ဖြစ်တဲ့အတွက် မိုးကောင်းသွားတယ်။ အဲ့ဒီလိုဖြစ်တဲ့ အတွက် မီးငြိမ်းတောင်ဖြစ်တဲ့ ပုပ္ပားတောင်မှာ မြေသားနိမ့်ဆင်းတာတွေ ဖြစ်ပွားခဲ့တယ်။ တွင်းတောင်ကလည်း မီးငြိမ်းတောင် ဆိုတော့ ရေညှိအထွက်ကျမှုက အဲ့လိုဖြစ်စဉ်တွေနဲ့ ဆက်စပ်မှုရှိလား ဆိုတာကို စမ်းသပ်မှုတွေ ပြုလုပ်သင့်ပါတယ်'' ဟု ဒေါက်တာဦးထွန်းလွင်က အကြံပေး ပြောကြားသည်။

စစ်ကိုင်းတိုင်း ရေဘုတလင် မြစ်ရေတင် စီမံကိန်းမှရရှိသော အကျိုးမြတ်သည် တွင်းတောင်မှ ရရှိသော အကျိုးအမြတ်ထက် နည်းပါးသဖြင့် သဘာဝ သယံဇာတဖြစ်သော စိမ်းပြာရေညှိ မပျောက်ဆုံးရန် မြစ်ရေတင် စီမံကိန်းအား ရပ်တန့်သင့်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးညိုမောင်က ပြောသည်။

''အရင်တုန်းက အဲဒီဒေသမှာ မြစ်ရေတင် စီမံကိန်း မလုပ်ခင် ဂျုံစိုက်ကြတယ်။ မြစ်ရေတင် စီမံကိန်းပြီးတော့ လယ်သမားတွေက စပါးပြောင်းစိုက်ကြတယ်။ လယ်သမားတွေ ဂျုံပြောင်းစိုက်ဖို့ လယ်သမားတွေ အတွက် သက်ဆိုင်ရာကနေ ရန်ပုံငွေ လုပ်ပေးသင့်တယ်။ ပြီးတော့မြစ်ရေတင် စီမံကိန်းကရတဲ့ အကျိုးအမြတ်က တွင်းတောင်ကရတဲ့ အကျိုးအမြတ်ထက် အရမ်းနည်းတယ်။ မြစ်ရေတင် စီမံကိန်းကို ဆက်လုပ်မယ် ဆိုရင်တော့ ကမ္ဘာ့ရှားပါး သယံဇာတက လုံးဝကို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာပေါ်တွင် စိမ်းပြာရေညှိ ထွက်ရှိသော နိုင်ငံမှာ မြန်မာ၊ မက္ကဆီကိုနှင့် အာဖရိက နိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသော စပီရူလိုင်းနားသည် အခြားသော စပီရူလိုင်းနား မျိုးများထက် ဗိုင်းရပ်စ်ပိုး ဟန့်တားနိုင်မှု ပိုမိုကောင်းမွန် ကြောင်းလည်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top