0

မန္တလေး၊ အောက်တိုဘာ ၂၈

ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်ပျက် စာရင်းသွင်းပြီး ပြည်နှင်ဒဏ် ခံရသည့် တရုတ်နိုင်ငံသားများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံကူး လက်မှတ်အသစ်ဖြင့် ပြန်လည် ဝင်ရောက်လာမှုများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လေဆိပ်မှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ တစ်လလျှင် နှစ်ဦးခန့် ဖမ်းဆီးမိပြီး လေယာဉ်ဖြင့် နေရပ် ပြန်ခိုင်းရခြင်းများ ရှိကာ ဇူလိုင်လမှ စက်တင်ဘာလအထိ ခြောက်ဦးခန့် ရှိ ကြောင်း ၎င်းကပြောကြားသည်။
“အဓိကက ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေမှာ ဖရဲလာစိုက်နေတဲ့ တရုတ်နိုင်ငံသားတွေ များတယ်။ သူတို့ကို အမည်ပျက်စာရင်း သွင်းတာကို ပတ်စ်ပို့ အသစ်ကိုင်ပြီး လာကြတာမှာ လေဆိပ်မှာ မိတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် တရုတ်နိုင်ငံသားများသည် တောင်သူများထံမှ စိုက်ခင်းများကို နှစ်ချုပ်ဖြင့် တစ်လလျှင် အနည်းဆုံး တစ်သိန်းကျပ်ဖြင့် ငှားရမ်းကာ ဖရဲစိုက်ကြကြောင်း အဆိုပါ ဒေသခံ တောင်သူများထံမှ သိရသည်။
“တရုတ်ကုန်သည်တွေ ဧကထောင်ချီ ငှားပြီးတော့ ဖရဲစိုက်နေတာ။ မန္တလေးတိုင်းထဲမှာ လေးဦးလောက် ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလည်အပတ် ဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်နေသူများ တွေ့ရှိပါက စည်းကမ်းနှင့် မညီသဖြင့် အရေးယူမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်သူ နိုင်ငံခြားသား ၅၀၀ ဦး ဝန်းကျင်ခန့် ရှိပြီး ပညာရေးလုပ်ငန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် အများဆုံး ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က အမည်ပျက် စာရင်းဝင်သူ တရုတ်နိုင်ငံသားတစ်ဦး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်လျက် ရှိသည်ကို တွေ့ရှိရ၍ အရေးယူခဲ့သည်။ ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များထဲမှ မြန်မာနိုင်ငံက အမည်ပျက်စာရင်း ကြေညာထားသူ တရုတ်နိုင်ငံသား Mr. Feng Shuiaing ကို စိစစ် တွေ့ရှိရသဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် လည်းကောင်း၊ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက် ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ် ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ၇ (၂) အရ ယခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့တွင် လည်းကောင်း နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခုနှစ် ဇန်ဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မောင်းလိုင်စင် လာရောက် လျှောက်ထားသည့် နိုင်ငံခြားသားများတွင် တရုတ်လူမျိုး အများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ မှတ်တမ်းများအရ သိရသည်။

အေးချမ်းမွန် Credit To > The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

 
Top