ဧရာဝတီ
၂၇ ဒီဇင်ဘာ ၂၀၁၅
မနေ့က ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့နှင့် ဘုရားသုံးဆူမြို့များတွင် ဆန္ဒပြပွဲများ ဖြစ်ပွားအပြီး ထိုင်းနိုင်ငံသားများ နယ်စပ်ဖြတ်ကူးမှု မလုပ်ရန် ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိသော ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်အခြေစိုက် အမှတ် ၉ ထိုင်းတပ်မမှူး ဗိုလ်မှူးချုပ် Thammanoon Withee က ပြောဆိုကြောင်း ထိုင်းသတင်းစာများက ဆိုသည်။ သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ထိုင်းအစိုးရအနေဖြင့် လိပ်ကျွန်းလူသတ်မှုတွင် မြန်မာလူငယ် ၂ ဦး သေဒဏ် ချမှတ်ခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်အပါအဝင် အခြားမြို့ကြီးများ၌ ငြိမ်းချမ်းစွာ ဆန္ဒပြ ထုတ်ဖော်နေသည်များအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် အလေးထားကြောင်း၊ သို့ရာတွင် တရားစီရင်ရေးကို ထိုင်းအစိုးရက ဆက်လက်လုပ်ကိုင်ခွင့် ပေးရမည်ဖြစ်ကြောင်း၊ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးဖြစ်ပြီး ထိုင်းတရားရေးစနစ်မှာ ယုံကြည်ရကြောင်း ပြောသည်။ ထိုင်းစစ်ဘက်ကို ကိုးကားပြီး သတင်းစာများ၏ ရေးသားချက်အရ ထိုင်းနယ်ခြားစောင့် တပ်အနေဖြင့် အရေးပေါ် ထပ်မံချထားရန် မလိုအပ်သည်သာမက နယ်စပ်ဂိတ်များကိုလည်း မနက် ၆ နာရီမှ ညနေ ၆ နာရီထိ အရင်အတိုင်း ဆက်လက်ဖွင့်ထားနေကြောင်း သိရသည်။ ဆန္ဒပြပွဲများ ဖြစ်ပွားနေချိန်အတွင်း နယ်စပ်ဖြတ်ကူးမှု မဖြစ်စေရန်သာ နယ်စပ်ဂိတ်ကို ယာယီပိတ်ခဲ့ကြောင်းနှင့် ဆန္ဒပြပွဲများ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ၂ နိုင်ငံ ဆက်ဆံရေး ယိုယွင်းသည်အထိ ဖြစ်လာလိမ့်မည်ဟု မယုံကြည်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ (ဓာတ်ပုံမှာ ဘုရားသုံးဆူမြို့ ဆန္ဒပြပွဲပုံ ဖြစ်သည်။)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.