0

Byငြိမ်းချမ်းOn Sat, 2015-12-26
သားဖြစ်သူများ သေဒဏ်ချမှတ်ခံရ၍ ဆောက်တည်ရာမရ ငိုကြွေးနေသော ဒေါ်ဖြူချေနုနှင့် ဒေါ်မေသိန်းတို့ကို နှစ်သိမ့်ပေးနေသူများနှင့်အတူ ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ် (AP/Reuters)
(ကော့စမွီမှ တိုက်ရိုက်ပေးပို့သည်။)
အမိန့်ချတော့မည်ဟု အသံထွက် ပေါ်လာ၍ တရားရုံးအတွင်း လာရောက်နေရာယူနေသူများ မတ်တတ်ရပ်လိုက်ကြသည်။ တစ်နာရီခန့်ကြာ အမိန့်စာဖတ်ပြီးနောက် ထိုင်းဘာသာဖြင့် အမိန့်ချမှတ် ပြီးချိန်တွင် တရားရုံးအတွင်း ရှိနေသူ အများစုတိတ်ဆိတ်၍ အံ့သြ မှင်တက်သွားကြသည်။
မြန်မာသံရုံးအထူးအဖွဲ့မှ ပုဂ္ဂိုလ်အချို့ပင် အမိန့်ကို နားကြားလွဲနေပြီလားဟု အချင်းချင်း တီးတိုးပြန်မေးနေကြသည်။
တရားသူကြီး၏ ဘယ်ဘက်ဘေးတွင် ရှိနေသော ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ နှစ်ဦးမှာ စကားပြန်က ဘာသာပြန်ပေးပြီး နောက် ကြက်သေသေသွားကာ မျက်နှာပေါ်၌ မျက်ရည်ပူများ စီး
ကျလာသည်။ ထို့နောက် ၀င်းဇော် ထွန်းက သူ့အမေရှိရာဘက်သို့ လှည့်၍ စကားပြောလိုက်သည်။
‘‘အမေ ကျွန်တော်တော့ သွားပြီ။ သေဒဏ်ပေးလိုက်ပြီ’’ဟု ၀င်းဇော်ထွန်းက သူ့အမေ၏ လက်ကိုကိုင်ကာ မျက်ရည်များ တသွင်သွင်စီးကျနေရာမှ ပြောလိုက် သည်။
သားဖြစ်သူ၏ စကားကိုကြားပြီးနောက် မိခင်ဒေါ်မေသိန်းက သားကိုဖက်၍ အော်ဟစ်ငိုကြွေးတော့သည်။ ဆောက်တည်ရာမရ တရားရုံးကြမ်းပြင်ပေါ်တွင် လူးလှိမ့်၍ ငိုပါတော့သည်။
ထိုမြင်ကွင်းသည် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီတရားရုံးတွင် လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ စွပ်စွဲ ခံ မြန်မာလုပ်သားနှစ်ဦးအား လူ သတ်မှု ကျူးလွန်သည်ဟုဆိုကာ ထိုင်းတရားသူကြီးက သေဒဏ် အမိန့်ချမှတ်လိုက်ပြီးနောက် မြင်ကွင်းဖြစ်သည်။
‘‘သားနဲ့အတူတူ ပြန်ရတော့ မယ်လို့ ထင်နေတာ အခုတော့ သားက သေရတော့မယ်’’ဟု ဒေါ်မေသိန်းက ငိုကြွေးရင်း ပြော သည်။ တရားရုံးအတွင်း ကျယ် လောင်စွာ အော်ဟစ်ငိုကြွေးနေ သောကြောင့် တရားရုံးတာဝန်ရှိ သူတစ်ဦးက ဒေါ်မေသိန်းကို တိုးတိုးငိုရန် လာရောက်ပြောကြား သည်။
ဇော်လင်း၏မိခင် ဒေါ်ဖြူချေ နုက မြန်မာစကားပင် ကောင်းစွာပြောနိုင်သူတစ်ဦး မဟုတ်သော ကြောင့် သူ့သား၏ ဖြစ်စဉ်ကို ကောင်းစွာနားလည်ပုံ မပေါ်သေး။ ခဏနေမှ အဖြစ်မှန်သိပြီး ပူဆွေးစွာ ငိုကြွေးနေပါတော့ သည်။
လူသတ်မှု မျက်မြင်သက် သေအထောက်အထား တိတိကျ ကျ မရှိဘဲ ဖမ်းဆီးစွပ်စွဲခံထားရ သော မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးကို လူသတ်မှုကျူးလွန်သည် ဟုဆိုကာ သေဒဏ်အမိန့်ချမှတ် ခဲ့ခြင်းမှာ အကြောင်းရင်း သုံးချက် ကြောင့်ဖြစ်ကြောင်း မြန်မာလုပ် သားနှစ်ဦးအရေးကို ကူညီဆောင်ရွက်ပေးနေသော မြန်မာသံရုံးအ ထူးအဖွဲ့က ပြောသည်။
လူသတ်တရားခံ မဖော် ထုတ်နိုင်ပါက ထိုင်းနိုင်ငံ၏ ခရီး သွားလုပ်ငန်းကို ထိခိုက်မည်ဖြစ် ခြင်း၊ အပြစ်မရှိကြောင်း လွှတ်ပေးလိုက်ပါက ထိုင်းရဲတပ်ဖွဲ့တစ်ခု လုံး အရှက်ရမည်ဖြစ်ခြင်းနှင့် မြန် မာအစိုးရနှင့် ပြည်သူများအား စိန်ခေါ်ခဲ့ခြင်းတို့ဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့က ပြောသည်။
‘‘အပြစ်မရှိဘူးဆိုပြီး လွှတ် ပေးလိုက်ရင် ရဲတပ်ဖွဲ့ကြီးတစ်ခု လုံး လဲပစ်ရမယ်။ နောက်ပြီး သူ တို့ ရဲတပ်ဖွဲ့တွေလုပ်တာ မှန်ပါ တယ်ဆိုပြီး ၀န်ကြီးချုပ်ကိုယ်တိုင် စကားကျွံထားတာ ရှိတယ်’’ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ဦးကျော်သောင်းက ပြောသည်။
ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းအား အဓိကထား လုပ်ကိုင်လျက်ရှိရာ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းတွင် ကော့စမွီကျွန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားများ လျော့နည်းသွားကြောင်း ယင်းကျွန်းတွင် နေထိုင်သူများကပြောသည်။
‘‘ထိုင်းအစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားတွေ မြန်မာနိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကိုပါ စိန်ခေါ်ပြီး နားရွက်တံတွေးဆွတ်လိုက်တယ်လို့ ခံစားရပါတယ်’’ဟု လိပ်ကျွန်းအမှုကို ဆောင်ရွက်ပေးနေသော မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူး ချစ်က ပြောသည်။
လိပ်ကျွန်းလူသတ်မှုအရေး သည် ထိုင်းနိုင်ငံအတွင်း နေထိုင် နေသော သန်းနှင့်ချီသည့် ရွှေ့ ပြောင်းမြန်မာလုပ်သားများ၏ အ ရေးပင်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
ကမ္ဘာကျော်လူသတ်မှုဖြစ် သော လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာလုပ် သားနှစ်ဦးဖြစ်သည့် အသက်(၂၁) နှစ်အရွယ် ၀င်းဇော်ထွန်းနှင့် အသက်(၂၃)နှစ်အရွယ် ဇော်လင်းတို့ကို ထိုင်းတရားသူကြီးက သေဒဏ်အပါအ၀င် စွဲဆိုထားသည့် ပြစ်မှုခုနစ်မှုစလုံးကို အမိန့်များ ချမှတ်ခြင်းဖြစ်သည်။
လူသတ်မှုပုဒ်မအတွက် သေဒဏ်၊ သတင်းထိမ်ချန်မှု ပုဒ်မအ တွက် သေဒဏ်၊ အဓမ္မကျင့်မှု ပုဒ်မအတွက် ထောင်ဒဏ်နှစ် ၂၀၊ ပစ္စည်းခိုးယူမှု ပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ်၊ ညအချိန်မတော်နေထိုင်မှု ပုဒ်မအတွက် ထောင်ဒဏ်တစ်နှစ်နှင့် ခြောက်လ၊ ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှုအတွက် ထောင်ဒဏ်ခြောက်လ နှင့် တရားမ၀င်နေထိုင်မှုအတွက် ထောင်ဒဏ်ခြောက်လ စသည့် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းတရားရုံးက ချမှတ်လိုက်သော ပြစ်ဒဏ်သည် တရားမျှတမှုမရှိကြောင်း အမိန့်ချသည့် နေ့က တရားရုံးသို့ လာရောက်နား ထောင်သော ထိုင်းနိုင်ငံရှေ့နေ များကောင်စီဥက္ကဋ္ဌ ခွန်ဆုဝစ်ချွေးအုဘွန်းကလည်း ပြောကြား သည်။
သေဆုံးသူ၏ မိသားစုဝင် များနှင့် ထိုင်းနိုင်ငံဆိုင်ရာ အင်္ဂ လန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက် နားထောင်ခဲ့ကြသည်။ သေဆုံးသူ၏ မိသားစုဝင်များ သည် အမိန့်ချအပြီးတွင် ထုတ်ပြန် ချက်တစ်ခု ထုတ်ပြန်ရာ တရားရုံး ၏ တရားစီရင်မှုသည် တရားမျှ တမှုရှိပြီး ဒေးဗစ်နှင့် ဟန်နာတို့ အတွက် တရားမျှတမှုရှိကြောင်း သေဆုံးသူဒေးဗစ်၏ မိသားစုဝင် တစ်ဦးက ပြောကြားသွားသည်။ တရားစီရင်မှုအပြီးတွင် တရားရုံး ရှေ့၌ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။ သေဒဏ်ကျခံရသော မြန်မာလုပ်သားနှစ်ဦးကို အမှုမှလွတ် မြောက်စေရန် တစ်လအတွင်း အယူခံဝင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥက္ကဋ္ဌ က ပြောသည်။
‘‘တရားမျှတတယ်လို့ မထင် ဘူး။ အယူခံဝင်ဖို့ တရားရုံးနှစ်ရုံး ကျန်ပါသေးတယ်။ ကျွန်တော်တို့ ဒီအမှုကို ဆက်ပြီးလှုပ်ရှားသွား ဦးမယ်’’ဟု ၎င်းကပြောသည်။
လူငယ်နှစ်ဦးမှာ သေဒဏ် ချခံထားရသည့်အတွက် ယခင် နေထိုင်ခဲ့ရသည့် ကော့စမွီအ ကျဉ်းထောင်တွင် မဟုတ်တော့ဘဲ ပြစ်ဒဏ်ကြီးသမားများ ထားရာ ထောင်သို့ မကြာမီ ပြောင်းရွှေ့ရ တော့မည်ဖြစ်ကြောင်း ရွှေ့ ပြောင်းအလုပ်သမားများ အခွင့် အရေးကွန်ရက်မှ တာဝန်ရှိသူများ က ပြောသည်။
ဒေါ်မေသိန်းသည် သားဖြစ် သူ သေဒဏ်ခံစားရမည်ဖြစ်သော ကြောင့် အမိန့်ချပြီး နောက်တစ် နေ့ဖြစ်သော ဒီဇင်ဘာ ၂၅ ရက်အထိ အဆက်မပြတ်ငိုကြွေးနေလေ သည်။
‘‘ယောက်ျားကလည်း ဆုံး သွားပြီ။ အိမ်မှာ သားအကြီးတစ် ယောက်ပဲရှိတော့ သားငယ်ကို ပြန်ခေါ်သွားချင်တာ။ အခု သားငယ်ကလည်း သေရတော့မယ်ဆိုတော့ ကူညီပေးကြပါဦး။ ကျွန်မသားလေးကို ကူညီပေးကြပါဦး။ ကျွန်မ မပြန်ချင်ဘူး’’ ဟု ၀င်းဇော် ထွန်း၏ မိခင်ဒေါ်မေသိန်းက ပူဆွေးစွာ ရင်ဖွင့်သည်။

Post a Comment

 
Top