Published on Sun, 09/20/2015 - 02:25
ဒေါ်အောင်ဆန်းစုကြည်၏ ရမည်းသင်းမြို့ ရွေးကောက်ပွဲ အောင်နိုင်ရေး လူထု ဟောပြောပွဲသို့ တက်ရောက်လာကြသူများကို စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အနေဖြင့် အစိုးရ ဖွဲ့နိုင်ပါက အဂတိ လိုက်စားမှု ကင်းစင်သည့် အစိုးရ ဖြစ်စေရမည်ဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အနေဖြင့် အစိုးရ ဖွဲ့နိုင်ပါက အဂတိ လိုက်စားမှု ကင်းစင်သည့် အစိုးရ ဖြစ်စေရမည်ဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၉ ရက်တွင် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့၌ ပြုလုပ်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး လူထု ဟောပြောပွဲတွင် အထက်ပါကဲ့သို့ ကတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူကို မတည်နိုင်သည့် ကတိများပေးပြီး မစည်းရုံးချင်ကြောင်း၊ ပြည်သူကို မတည်နိုင်သည့် ကတိများ ပေးပါက မလေးစားရာ ရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြည်သူကို မတည်နိုင်သည့် ကတိများပေးပြီး မစည်းရုံးချင်ကြောင်း၊ ပြည်သူကို မတည်နိုင်သည့် ကတိများ ပေးပါက မလေးစားရာ ရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ ကျွန်မ ကတိတစ်ခုတော့ ပေးနိုင်ပါတယ်။ ကျွန်မတို့ အဖွဲ့ချုပ်က အစိုးရ ဖွဲ့တဲ့အခါမှာ အဂတိ ကင်းစင်တဲ့ အစိုးရမျိုး ဖြစ်ရပါလိမ့်မယ်လို့ ပြောချင်ပါတယ် ” ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားသည်။
ရမည်းသင်းမြို့ ဒေသခံ ပြည်သူလူထုအား ဒေါ်အောင်ဆန်းစုကြည်က “ စပြီးတော့ အာဏာရှင်စနစ် တက်တာ ၁၉၆၂ ခုနှစ်ပေါ့။ အဲတော့ ကျွန်မ ၁၇ နှစ်ပေါ့။အဲဒီ မတိုင်ခင်မှာ ကျွန်မတို့ရဲ့ နိုင်ငံမှာ ဒီမိုကရေစီစနစ် သုံးနေချိန် ကာလ တစ်လျှောက်လုံးမှာ အစိုးရ အဖွဲ့ထဲက အဂတိ လိုက်စားတယ်ရယ်လို့ ဒုဝန်ကြီးတစ်ယောက်ရဲ့ အမှုပဲ ကျွန်မတို့ ကြားဖူးပါတယ်။ အဲဒီ ဒုဝန်ကြီးကိုလည်း အရေးယူလိုက်တယ်။ တစ်နိုင်ငံလုံးမှာ တစ်ခါတည်း သတင်းကြီးတစ်ခု ဖြစ်သွားတယ်။ သြော် အစိုးရ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့ အဂတိ လိုက်စားတယ်ဆိုတာ အဲဒီခေတ်တုန်းက ကျွန်မတို့အတွက် အင်မတန် အံ့သြစရာပဲ။ အဲတော့ ဒီလို ခေတ်မျိုး ပြန်ဖြစ်စေချင်တယ်။ အစိုးရ အဖွဲ့ဝင်တွေ အဂတိ လိုက်စားတယ်ဆိုတာဟာ မကြားစဖူးကိစ္စလို ကျွန်မတို့ နိုင်ငံမှာ ဖြစ်သွားစေချင်ပါ တယ်။ အဲဒါတော့ ကျွန်မတို့ ကတိ ပေးနိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရ ဖွဲ့နိုင်လို့ရှိရင် အဂတိ ကင်းစေရမယ် ” ဟု ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းများသည် လျှောက်လွှာတင်ရာတွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အသိပေးရကြောင်း၊ ထို့နောက် လက်မှတ်ထိုးပြီး ယင်းပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ သံသယ ဖြစ်စရာ ပေါ်လာပါက မေးမြန်းခြင်း၊ စိစစ်ခြင်းကို ခံယူရမည်ဟု ၀န်ခံချက် ထိုးခိုင်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ ခွင့်မလွှတ်နိုင်တဲ့ အပြစ် နှစ်ခုတော့ရှိတယ်။ တစ်ခုကတော့ အချင်းချင်း ဒုက္ခရောက်အောင် တမင်သက်သက် ရည်ရွယ်ချက်နဲ့ လုပ်တဲ့ကိစ္စ။ ဒီလို လုပ်တာကို ကျွန်မတို့ လုံးဝ လက်မခံဘူး။ စည်းမျဉ်း စည်းကမ်းအရ အရေးယူပြီးတော့ ကျွန်မတို့ အဖွဲ့ထဲက ထုတ်ပစ်လိုက်တဲ့ အပြစ်ပေးပါတယ်။နောက် ဒုတိယ လက်မခံနိုင်တဲ့ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ဆိုတာကတော့ အများရဲ့ ဘဏ္ဍာငွေ၊ ပစ္စည်းကို အလွဲသုံးစား လုပ်တဲ့ကိစ္စပဲ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အများပိုင် ပစ္စည်းဘဏ္ဍာငွေကို အလွဲသုံးစား လုပ်ခြင်းသည် ခွင့်လွှတ်လို့ မရသည့် နိုင်ငံရေး ပြစ်မှုအဖြစ် သတ်မှတ်ထားကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။
“ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူကို ရဲရဲကြီး ကတိပြုနိုင်ပါတယ်။ ကျွန်မတို့ အဖွဲ့ချုပ်ဟာ အစိုးရဖြစ်လို့ ရှိရင်တော့ အဂတိ လိုက်စားမှု ကင်းစင်ရပါလိမ့်မယ်လို့ ကျွန်မ ပြောလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပေးသည်။
Post a Comment