|| သတင်းဆောင်းပါး ||
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကယားပြည်နယ်သို့ မဲဆွယ်ပွဲခရီးစဉ် သွားရောက် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသူများတွင် NLD ပါတီဝင်များ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့်အတူ တိုင်းရင်းသား ၀တ်စုံ ၀တ်ဆင်ထားသော မတူညီသည့် တိုင်းရင်းသားမျိုးနွယ်စုများ ၁၀၀ နီးပါးနှင့် ရိုးရာ ၀ါးပလွေနှင့် မောင်းများပါဝင်သော ဖျော်ဖြေရေးအဖွဲ့များ ပါဝင်သည်။
အနီရောင်အောက်ခံတွင် အ၀ါရောင် ခွပ်ဒေါင်းပုံပါသည့် အလံများ၊ ခေါင်းစီး စာတမ်းများနှင့် တံဆိပ်များကို နေရာတကာတွင် တွေ့မြင်နိုင်ခြင်းက NLD ၏ ပွဲမှန်း သိသာစေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမည့်သူများ နေရာယူရာတွင် လည်ပင်း ရှည်နှင့် ပဒေါင်အမျိုးသမီးများကို ထင်ထင်ရှားရှား မြင်တွေ့နိုင် သည်။ ဒေသခံ ပရဲတိုင်းရင်းသားများအား သတင်းထောက်များက ဓာတ်ပုံ ရိုက်ချိန်တို့တွင် ထိုတိုင်းရင်းသားများမှာ မသက်မသာဖြစ်နေပုံပေါ်သည်။
မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးပြည်နယ်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက နေရာတိုင်း အနိုင်ရခဲ့သည့် တစ်ခုတည်းသော ပြည်နယ်ဖြစ် သည့် ကယားပြည်နယ်မှာ လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှုပ်ထွေးမှုနှင့် မရေရာမှုများကို ဖော်ပြနေသည်။ ကြံ့ခိုင်ရေးပါတီမှ အမတ်လောင်းများက ယင်းတို့၏ ကြွယ်ဝချမ်းသာမှုကို အသုံးပြုကာ မဲဝယ်မှုများပြုလုပ်နေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ သမ္မတရုံးဝန်ကြီး ၂ ဦး၏ မဲဆွယ်ပွဲများတွင် ဆန်များ၊ ဆိတ်များနှင့် ဂြိုဟ်တုစလောင်းများပါ ရရှိသည်ဟု ရွာသားများကဆိုသည်။
ကယားပြည်နယ်အတွင်း ကြံ့ခိုင်ရေးပါတီက ပြီးခဲ့သည့်နှစ်များတွင် လမ်းဖောက်ခြင်း၊ သင်တန်းကျောင်းများ ဆောက်လုပ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး အချို့နေရာများတွင် ပါတီကိုယ်စားလှယ်လောင်းများမှာ လူထုထောက်ခံမှု ရရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်နိုင်သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် က ဘော်လခဲမြို့၌ ဟောပြောရာတွင် “ကျွန်မ ပါတီက မချမ်းသာပါဘူး” ဟု ပြောကြားသည်။
အသက် ၇၀ ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် သည် တောတောင် အထပ်ထပ်ကို ဖြတ်ကျော်၍ အစွန်အဖျားဒေသ ဘော်လခဲမြို့သို့ သွားရောက် ခဲ့ခြင်းဖြစ်သည်။ ထို မဲဆန္ဒနယ်မှာ သမ္မတ၏ လူရင်းတစ်ဦးဖြစ်သော သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း ၀င်ရောက်ယှဉ်ပြိုင်မည့် နေရာဖြစ်သည်။ ဦးစိုးသိမ်းမှာ ကြံ့ခိုင်ရေးကိုယ်စားပြုအဖြစ်မဟုတ်ဘဲ တစ်သီးပုဂ္ဂလအဖြစ် ၀င်ပြိုင်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက ပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံခဲ့ ရသော သူရဦးရွှေမန်းက ပါတီကိုယ်စားလှယ်လောင်း စာရင်း ရွေးချယ် ရာတွင် ဦးစိုးသိမ်းကို ချန်လှပ်ထားခဲ့သည်။ သို့သော် ဦးစိုးသိမ်းမှာ ဘော်လခဲ မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီ၏ တရားမ၀င် ကိုယ်စားလှယ်လောင်းအဖြစ် ရှုမြင်ခံရပြီး သူ၏ ကြွယ်ဝချမ်းသာမှုကို အသုံးချမဲဝယ်နေသည်ဟု ဆိုသည်။
အခြားသမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း စာရင်းတွင် ချန်လှပ်ခံခဲ့ရသဖြင့် တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးအောင်မင်း၏ မဲဆန္ဒနယ်ဖြစ်သော ပိုမိုဝေးလံခေါင်သီသည့် ရှားတော သို့လည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည်။
“သူတို့ ပေးရင် ယူထားပြီး ကျွန်မတို့ကို မဲပေးကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က ရှားတောတွင် ပရိသတ်များကို ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မှုက ကယားပြည်နယ်တွင် NLD အမတ်များ အနိုင်ရစေသည်အထိ လုံလောက်ခြင်း ရှိမရှိ စောင့်ကြည့်ရမည် ဖြစ်သော် လည်း သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်များကို ထောက်ခံသူ အနည်းဆုံး တစ်ဦးတော့ရှိသည်။ မကြာမီက ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ပြန်ရောက် လာသူ တစ်ဦး က လူအုပ်ထဲမှထ၍ “အာဏာရှင်တွေကို စိတက်ုန်နေပြီ” ဟု ပြောကြားခဲ့သည်။
NLD ပါတီအတွက် စိန်ခေါ်မှုများတွင် ချမ်းသာသည့် ပြိုင်ဘက်များ အပြင် ခေါင်းဆောင်များက အစိုးရလုပ်ငန်း အတွေ့အကြုံ နည်းပါးမှု၊ မဲဆန္ဒရှင်များက ဒီမိုကရက်တစ် မူဝါဒများနှင့် မရင်းနှီးမှု နေပြည်တော်၊ ရန်ကုန်တို့နှင့် ဝေးကွာလွန်းမှုတို့လည်းပါဝင်သည်။
မဲဆွယ်ပွဲခရီးစဉ်အတွင်း ပြုလုပ်လေ့ရှိသည့် အမေးအဖြေကဏ္ဍတွင် မကြာခဏဆိုသလိုပင် အရင်က ကျွန်တော်တို့အတွက် ဘာမှ မလုပ်ပေးခဲ့ဖူးဘူး။ ရွေးကောက်ပွဲပြီးရင် ဘာတွေလုပ်ပေးမလဲဆိုတာ ဘယ်လိုသိနိုင်မလဲ” ဟု မေးမြန်းခံခဲ့ရသည်။ ဒီမိုကရေစီနှင့် မရင်းနှီးသည့် မဲဆန္ဒရှင်များကြားတွင် ဒီမိုကရေစီမြှင့်တင်ရေးဖြင့် မဲဆွယ်ရသည်မှာ ခက်ခဲကြောင်းကို မေးခွန်းများက ဖော်ပြနေသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်၏ ပထမဆုံး ရပ်နားရာဖြစ်သော ဒီမောဆိုမြို့၌ ပရိသတ်များ၏ အားပေးထောက်ခံမှု ရရှိခဲ့သည်။ ဒီမောဆိုတွင် ပရိသတ် ၂၀၀၀ ခန့်ရှေ့၌ ဟောပြောခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်မြင်နေကျဖြစ်သော တည်သည့် အသွင်မဟုတ်ဘဲ ပြုံးရယ်နေသည့် ပုံစံဖြင့် မြင်တွေ့ရသည်။ ဟောပြောပွဲ တွင် မေးခွန်းမေးရန် ပထမဆုံးလက်ထောင်သူမှာ အရက်အလွန်မူးနေသူ တစ်ဦးဖြစ် ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဟာသဥာဏ်ဖြင့် တုံ့ပြန်ခဲ့ကာ ပရိသတ်ကို သဘောကျစေခဲ့သည်။
ဖရူဆိုမြို့၌ ဟောပြောရာတွင် အနှောင့်အယှက်ဖြစ်စေသည်အထိ ငိုနေသည့် ကလေးတစ်ဦး၏ မိခင်ကိုလည်း ဟာသဥာဏ်ဖြင့် အကြံပေး ခဲ့သည်။ ဟောပြောပွဲ သို့ လာရောက်နားထောင်သူ သတ်လတ်ပိုင်း အမျိုးသမီးတစ်ဦးက “ကျွန်မ ကလေးဘ၀ကတည်းက သူ့ကိုချစ်ခဲ့တာပါ။ သူက ကျွန်မတို့အမေလိုပါပဲ။ သူ့ကိုယ်ကျိုးအတွက် မပါဘဲ သူလုပ်သမျှ က မြန်မာပြည်သူတွေအတွက်ပါ” ဟု ပြောကြားခဲ့သည်။
အခြားအဘွားအိုတစ်ဦးကလည်း “သူက ဒီမှာ အလွန်ူ လူကြိုက်များပါတယ်။ လူတွေက အပြောင်းအလဲ လိုချင်နေပါပြီ” ဟု ပြောကြားခဲ့သည်။
ကယားပြည်နယ်တွင် NLD ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်မှာ အာဏာရကြံ့ခိုင်ရေး ပါတီ တစ်ဦးတည်း မဟုတ်ပေ။ အနည်းဆုံး တိုင်းရင်းသား ပါတီ ၅ ပါတီကလည်း ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လူမျိုးစုဒေသများ ဖွံ့ဖြိုးရေးကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်ပေးမည်ဖြစ်သောကြောင့် NLD ပါတီကို မဲပေးကြရန် ပြောကြားခဲ့ကြောင်း လွိုင်ကော်မြို့ ခရစ်ယာန်အသင်းတော်မှ ဖာသာကယ်လ်ဆိုဘရွှေကဆိုသည်။
ဖာသာ ကယ်လ်ဆိုဘရွှေက ၂၀၁၀ ရွေးကောက်ပွဲတွင် အာဏာရကြံ့ခိုင်ရေး ပါတီမှ ခရစ်ယာန်ပါတီဝင် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခံခဲ့ရသော်လည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည်ဆိုသော ကတိကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်ဟုဆိုသည်။
အသင်းတော်၏ ဘဏ္ဍာရေးမှူး ဖာသာ ဖရန်စစ်မီရာက “ကျွန်တော်တို့ မှန်တဲ့ပြောင်းလဲမှုကို လိုချင်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမားရှိပါတယ်။ တိုင်းရင်းသားအခွင့်အရေးတွေကို သူ ဘယ်လိုမျိုး လက်တွေ့အကောင်အထည်ဖော်မလဲဆိုတာ ကျွန်တော် စောင့်ကြည့်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲတွင် NLD ပါတီမှ တနိုင်ငံလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၂၇ ဦးတွင် အနည်းဆုံး ၄၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသားများ ပါဝင်သည်ဟု ဆိုသည်။
တိုင်းရင်းသား ပြည်နယ် ၇ ခုမှ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ၈၀ ရာခိုင်နှုန်းခန့်က တိုင်းရင်းသားများ ဖြစ်ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။
“တိုင်းရင်းသား ကိုယ်စားလှယ်လောင်း အများအပြားက သူတို့ ယှဉ်ပြိုင်မယ့် နေရာတွေကပါ။ ဥပမာ ရှမ်းပြည် နယ်အတွက်ဆို ရှမ်းတိုင်းရင်းသား ၊ မွန် ဆိုလည်း မွန်က လူတွေပါ” ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောသည်။
NLD ပါတီက အနေဖြင့်လည်း ပြည်မမှ ဗမာပါတီ တခုဖြစ်သည် ဆိုသည့် အပေါ် တိုင်းရင်သားအများစု ယူဆနေကြသည့် အစဉ်အလာ အစွဲကို ဖယ်ရှားနိုင်ရန် အားထုတ်နေသည်ကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။
“NLD ပါတီက ဗမာပါတီ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုတိုင်းရင်းသားများပါတီ ပါ” ဟု အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် (၄) တွင် NLD ပါတီကို ကိုယ်စားပြု၍ ယှဉ်ပြိုင်မည့် ကချင်တိုင်းရင်းသား ဦးနောင်နဂျာတန် ကပြောသည်။
တိုင်းရင်းသားလူနည်းစုများအတွက် လာမည့် ရွေးကောက်ပွဲမှာ အဓိက အခွင့်အလမ်း တစ်ခုဖြစ်သည်။ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသည့် ပါတီ ၉၀ ကျော်တွင် ၃ ပုံ ၂ ပုံခန့်မှာ ပြည်နယ် ၇ ခုမှ တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသည့် ပါတီများဖြစ်သည်။
မောင်နိုး ရေးသားတည်းဖြတ်သည်။
The Ladies News Journal

Post a Comment