0


On  Wed, 2015-09-30

လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်မိသားစုတစ်စုကို ၂၀၁၅ ဇူလိုင်လက တွေ့ရစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒ ရှင်စာရင်းကြည့်ရှုရန် ဆော်သြမှု နှင့် ပါတီအသီးသီး၏ မဲဆွယ်စည်းရုံးမှုများက တစ်နေ့ထက်တစ်နေ့ အသက်ဝင်လာသည်။


သို့သော် လှိုင်မြစ်တစ်ဖက်ကမ်း လှိုင်သာယာမြို့နယ်အတွင်းရှိ ယိုင်တိုင်တိုင် တဲအိမ်လေးများထဲမှ မိသားစုဝင်များအတွက်မူ အဆိုပါဖြစ်ရပ်များနှင့် ကင်းကွာနေသည်။

တစ်နေ့တာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် ၎င်းတို့၏ ဘ၀များနှင့် နိုင်ငံရေးအခြေ အနေက သူတို့အပေါ် အဆက်အသွယ် ပြတ်တောက်ထားသကဲ့သို့ ရှိနေသောကြောင့်ဖြစ်သည်။

‘‘မဲထည့်ရမယ်တော့ ကြား တယ်။ဘယ်မှာထည့်ရမလဲ၊ ဘယ်လိုထည့်ရမလဲဆိုတာတော့ မသိ ဘူး။ သူများတွေထည့်တော့ ကိုယ်လည်း ထည့်ချင်တာပေါ့’’ဟု ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး၊ လှိုင်သာယာစက်မှုဇုန်(၂) အတွင်း ကျူးကျော်နေထိုင်သည့် အသက် (၆၀)အရွယ်ရှိ ဒေါ်စန်းကြည်က ၎င်းသိသည့် ဆန္ဒမဲထည့်ရမည့် အခြေအနေနှင့်ပတ်သက်၍ ပြော ကြားသည်။

အဆိုပါနေရာတွင် လမ်းမဘေး၌ အတန်းလိုက်ဆောက်လုပ်ထားသည့် ကျူးကျော်နေအိမ် ၁၀၀ ခန့်ရှိသည်။ အများစုမှာ နာ ဂစ်ကြောင့် နေရပ်ကိုစွန့်ခွာ၍ ရောက်ရှိ အခြေချနေကြသည့် ဧရာဝတီတိုင်းသားများဖြစ်သည်။ အချို့မှာလည်း နာဂစ်မုန်တိုင်း ပြီးသည့်နောက် စီးပွားရေးအဆင် မပြေ၍ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။

ထိုသို့ ကျူးကျော်နေထိုင်သူများမှာ အဆိုပါတစ်နေရာတည်းတွင် ရှိနေခြင်းမဟုတ်ဘဲ ရန်ကုန် မြို့ နေရာအများစု၌ အစုအဖွဲ့လိုက် ရောက်ရှိနေကြသည်။

၎င်းတို့အနက် အများစုမှာ မဲပေးဖူးခြင်း မရှိကြသူများလည်း ပါဝင်နေသည်။ လာမည့်ရွေးကောက်ပွဲတွင်မူ ၎င်းတို့သည် လမ်းမတန်း နေရာအချို့တွင် စိုက်ထူထားသော အမတ်လောင်းကြော်ငြာဆိုင်းဘုတ်များကြောင့် ရွေးကောက်ပွဲရှိ၍ ဆန္ဒမဲပေးရမည်ဆိုသည်ကို သိနေခြင်းဖြစ်သည်ဟုဆိုသည်။

သို့သော် မည်သည့်ပါတီနှင့် မည်သည့်ကိုယ်စားလှယ်လောင်းကို မဲထည့်ရမည်ကိုမူ ၎င်းတို့အနေ ဖြင့် စဉ်းစားထားခြင်းမရှိသကဲ့သို့ ၀င်ပြိုင်မည့်သူများကိုလည်း မသိရှိဟု ၎င်းတို့အား တွေ့ဆုံမေးမြန်းခဲ့ရာ တညီတညွတ်တည်းဖြေသည်။

သို့သော် ၎င်းတို့အားလုံးတွင် တူညီစွာဆုံးဖြတ်ထားသည့် အချက်ကတော့ရှိနေသည်။ ကျူးကျော်နေထိုင်နေကြရသူများကို လုံခြုံမှုရှိအောင် အာမခံချက်ပေးနိုင်မည့်သူအား ဆန္ဒမဲထည့်မည်ဟူ၍ ရည်ရွယ်ထားကြခြင်းဖြစ်သည်။ ကျူးကျော်အများဆုံးရှိရာ လှိုင်သာယာမြို့နယ်မှာ အမတ် လောင်းအများဆုံး ယှဉ်ပြိုင်သော မဲဆန္ဒနယ်ဖြစ်နေခြင်းက သူတို့အတွက် ကံကောင်းခြင်းလား၊ ကံဆိုး ခြင်းလား မသိသေးပေ။

‘‘ကျွန်မတို့ ဘ၀အာမခံချက် ရှိရှိနဲ့ နေထိုင်ခွင့်ရှိအောင်လုပ်ပေး နိုင်မယ့်သူကို မဲထည့်မယ်။အဲဒါ ဘယ်သူဖြစ်မလဲမသိဘူး။ ဒီလက်ရှိအခြေအနေထက် ပိုကောင်းအောင် လုပ်ပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့’’ဟု ကလေးသုံးဦးမိခင် ဒေါ်သန်းမြင့်က တက်ကြွစွာပြောသည်။

ရန်ကုန်မြို့ရှိ ကျူးကျော် ပြဿနာသည် ဦးသိန်းစိန်အစိုးရ လက်ထက် မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာများစွာထဲမှ တစ်ခုအပါအ၀င်ဖြစ်နေခဲ့သည်။

 ၂၀၁၀ နောက်ပိုင်းမှစ၍ ကျူးကျော်ရှင်းလင်းဖယ်ရှားမှုနှင့် ပတ်သက်၍ အစိုးရအပေါ်ဝေဖန်မှုနှင့် အငြင်းပွားမှုများစွာဖြစ်ပေါ် ခဲ့သည်။ ယင်းပြဿနာကို တိုင်းဒေသကြီးအစိုးရက ညင်သာစွာ ဖြေရှင်းနိုင်ခဲ့ခြင်းမရှိဘဲ အင်အား သုံးကိုင်တွယ်ဖြေရှင်းမှုများ အ များဆုံးပြုလုပ်ခဲ့သည်။

ယင်းအချက်မှာ ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရပါက ထိုသို့ မလုံမခြုံခံစားနေရမှုကို ဖြေရှင်း ပေးနိုင်မည့်သူအား ရွေးချယ်ရန် တွန်းအားဖြစ်စေခဲ့ခြင်း ဖြစ်သည်ဟု ကျူးကျော်နေထိုင်သူများက ပြောသည်။

ရန်ကုန်မြို့တွင် ကျူးကျော် အရေအတွေက် စာရင်းအတိအကျ မရှိသေးသော်လည်း နောက် ဆုံး ခန့်မှန်းကောက်ယူထားသည့် အချက်အလက်အရ အိမ်ထောင်စုပေါင်း ငါးသောင်းခန့်ရှိမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။ ၂၀၁၀ မတိုင်မီက ကျူးကျော် အိမ်ထောင်စုမှာ သုံးသောင်းကျော်သာရှိခဲ့သည်ဟု စည်ပင်မှတ်တမ်း များတွင် ဖော်ပြထားသည်။

တစ်အိမ်ထောင်လျှင် လူ လေးဦးဖြင့် တွက်ပါက လူဦးရေ နှစ်သိန်းခန့်ရှိပြီး မဲပေးခွင့်ရှိသူ တစ်အိမ်ထောင်လျှင် နှစ်ဦးနှုန်းဖြင့် တွက်ပါက ကျူးကျော်တစ်သိန်းခွဲ မဲပေးခွင့်ရှိနေသည်။

 ကျူးကျော်နေထိုင်သူများ အား နီးစပ်ရာရပ်ကွက်များတွင် ရက်ပေါင်း ၁၈၀ အခြေချနေထိုင်ခဲ့သူကို မဲပေးနိုင်ခွင့်ရှိသူအဖြစ် ထည့် သွင်းသတ်မှတ်ထားသည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြောကြားထားသည်။

အဆိုပါ မဲလက်မှတ် တစ်သိန်းခွဲအတွက် လုံခြုံမှုရှိစွာနေထိုင်ခွင့်ရရှိရေးမှာ အဓိကလိုအပ်ချက် ဖြစ်နေသည်။

 ကျူးကျော်နေထိုင်သူများ ဘ၀အာမခံချက်ကို မည်ကဲ့သို့ ဖြေရှင်းမည်ကို စီမံကိန်းများချမှတ် လုပ်ဆောင်ရမည်ဖြစ်ပြီး လွှတ် တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့်မူ တက်လာမည့် အစိုးရကို တွန်းအားပေးခြင်းဖြင့် အကောင်အထည်ဖော်သွားရမည်ဟု ကျူးကျော်အများဆုံး နေထိုင်သည့် လှိုင်သာယာမြို့နယ်မှ တိုင်းဒေသသကြီးလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် NDF ပါတီမှ ၀င် ရောက်ယှဉ်ပြိုင်မည့် ကိုမင်းမင်း ထွန်းက ၎င်းယူဆချက်အား ပြော သည်။

 ‘‘ဒီမြို့နယ်မှာဆိုရင် ကျူးကျော်ကိစ္စက အဓိက ဖြေရှင်းဆောင်ရွက်ပေးရမယ့် အထဲမှာပါ တယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် အငှားအိမ်ရာတွေ များများဆောက်လုပ် အကောင်အထည်ဖော်ဖို့ လိုတယ်။ ရေတိုဆောင်ရွက်လို့တော့ မရ ဘူး။ နှစ်အပိုင်းအလိုက် လုပ်ဆောင်သွားမှ အဆင်ပြေမှာပါ။ အဲဒီအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အစိုးရကို အဆိုတင်သွင်းအားပေးမှုနဲ့ ဆောင်ရွက်ပေးသွားဖို့ ဆန္ဒရှိ တယ်’’ဟု ၎င်းကဆိုသည်။

သို့သော် ထိုသို့ ဆောင်ရွက်ရန်မှာ ထင်သလောက် လွယ်ကူ မည်မဟုတ်ဟု ၎င်းက လက်ခံထားသည်။ ကျူးကျော်ကိစ္စ ဖြေရှင်းရာတွင်မူ စီးပွားဖြစ်လုပ်စားနေသူနှင့် နိုင်ငံရေးပါတီအချို့၏ ပယောဂပါဝင်နေခြင်းကလည်း အမှန်တကယ် ဒုက္ခရောက်နေသူများအတွက် နစ်နာစရာများ ဖြစ်နေခဲ့သည်ဟု ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအချို့က မှတ်ချက်ပြုသည်။

‘‘အမှန်တကယ် နေစရာမရှိသူတွေကို အခြေခံရပ်/ကျေးတွေ၊ ကျွမ်းကျင်သူတွေနဲ့ အရင်ဆုံးကျူးကျော်စာရင်းပြုစုနိုင်ဖို့ လိုတယ်။ တချို့လုပ်စားနေသူတွေ ပါမလာအောင် စိစစ်ရမယ်။ တကယ် ဒုက္ခရောက်နေသူတွေအတွက် တန်ဖိုးမျှတအိမ်ရာစီမံကိန်းတွေ လုံလုံလောက်လောက် ဖော်ဆောင်ပေး နိုင်ရင် သူတို့တွေအနေနဲ့ ကျူး ကျော်ဆိုတဲ့ အမည်ခံချင်တော့မှာ မဟုတ်ဘူး’’ဟု အမျိုးသားဒီမိုက ရေစီအင်အားစုပါတီမှ ပြည်သူ့ လွှတ်တော် နေရာအတွက် ကျောက်တံတားမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည့် ဦးကျော်သူရ က ပြောသည်။

ယင်းပြဿနာကို နောက်တက်လာမည့် အစိုးရလက်ထက် တွင် ညင်သာစွာ ကိုင်တွယ်ဖြေ ရှင်းပေးနိုင်မည်လား ဆိုသည်က လည်း ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်  လောင်းများအတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း အချို့ ကိုယ်စားလှယ်များကမူ ကျူးကျော်များ အိမ်ပိုင်ဆိုင်ခွင့်ရရှိရေး စုပေါင်းလုပ်ဆောင်နိုင်မည်ဟု အာမခံချက်ပေးလာကြသည်။

ကျူးကျော်နေထိုင်သူ ဦးရေ နှစ်သိန်းခန့်အတွက် အိမ်လိုအပ် ချက်အလုံးရေ ငါးသောင်းခန့်မှာ အလွယ်တကူ အကောင်အထည် ဖော်ရန် ခက်ခဲနိုင်သော်လည်း စု ပေါင်းအဖြေရှာ လုပ်ဆောင်နိုင် မည်ဟု  ယုံကြည်ထားသူများလည်း ရှိနေသည်။

‘‘အခုလည်း နေစရာပြန်ပေး တာတွေ လုပ်နေသလိုပေါ့။ ရွေး ချယ်ခံရတဲ့အခါ သူတို့နေစရာရရှိ အောင် လုပ်ဆောင်ပေးဖို့ ဆန္ဒရှိ တယ်။ စည်ပင်က လမ်းဘေးပျံကျ ဈေးသည်တွေကို ဈေးရုံပေါ်တင် ပေးတဲ့ လုပ်ငန်းစဉ်မျိုးလုပ်ပေး သွားမယ်’’ဟု ပန်းဘဲတန်းမြို့နယ် မှ ပြည်သူ့လွှတ်တော်နေရာအ တွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ခေတ်သစ် ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးအောင်သန်းက ကျူးကျော်များနှင့် ပတ်သက်၍ ၎င်း၏မျှော်မှန်းချက်အား ပြောသည်။

အိမ်ထောင်စု ငါးသောင်း၏ နေထိုင်မှု အာမခံချက်နှင့် ပတ်သက်၍ လက်ရှိအစိုးရက ဖြေရှင်း အကောင်အထည် ဖော်ပေးနိုင်မှု မရှိခဲ့ခြင်းက နောက်တက်လာမည့် အစိုးရအတွက်လည်း စိန်ခေါ်မှု အဖြစ် ဆက်ရှိနေခဲ့ခြင်းဖြစ်သည်။

 သို့သော် သိန်းနှင့်ချီရှိနေသော ကျူးကျော်များထံမှ မဲအရေအတွက်ကို နိုင်ငံရေးပါတီအချို့က ရယူနိုင်ရန် ပစ်မှတ်ထားထားကြသော်လည်း မဲစာရင်းဆိုင်ရာ ပညာပေးမှုများ ဦးစားပေးနေရခြင်းကြောင့် ကွင်းဆင်းစည်းရုံးမှု နည်းပါးနေရခြင်း ဖြစ်သည်ဟု ကိုယ်စားလှယ်လောင်းများက ဆိုသည်။ လက်ရှိအချိန်အထိ ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအချို့က ၎င်းတို့ နေထိုင်ရာ အရပ်များသို့ ရောက်ရှိမဲဆွယ် စည်းရုံးမှုမျိုး ရှိမနေသေးသော ကြောင့် မည်သူ့အား ရွေးချယ်ရ မည်မှာ ခက်ခဲနေဆဲဖြစ်သည်။

‘‘မဲထည့်ရမယ်ဆိုတဲ့ သူနဲ့ တွေ့ချင်တယ်။ သူတို့ ကျွန်တော် တို့အတွက် ဘာလုပ်ပေးမလဲဆိုတာ လူချင်းတွေ့ပြီး မေးချင်တယ်။ဒါပေမဲ့ အခုထိ ကျွန်တော်တို့ဘက်ကို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းမှ လာပြီး ပြောတာ ရှင်းပြတာမရှိ ဘူး’’ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့် စတင်ခွင့်ပြုထားသည့် ၁၅ ရက်မြောက်၌ လှိုင်သာယာစက်မှုဇုန် အပိုင်း(၃)တွင် ကျူးကျော်နေထိုင်သည့် ဦးမောင်စိုးကပြောသည်။

http://www.7daydaily.com/story/47483

Post a Comment

 
Top