မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အော်ပရေတာဖြစ်လာမည့် ကုမ္ပဏီကို ရွေးချယ်နေဆဲဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒါရိုက်တာ ဦးသန်းထွန်းအောင်က ပြောသည်။
အဆိုပါအော်ပရေတာမှာ မြန်မာနိုင်ငံ၏ ဒုတိယမြောက် အော်ပရေတာဖြစ်လာမည် ဖြစ်သည်။
"ကျွန်တော်တို့ Royal Yatanarpon ကို ပေးမယ်လို့မပြောဖူးပါဘူး။ ကျွန်တော်တို့ပြောခဲ့တာက ဒီလိုင်စင်ဟာ ဒုတိယမြောက် မြန်မာအော်ပရေတာ ဖြစ်မယ်။ မြန်မာ အဖွဲ့တစ်ဦးတည်းကိုပဲ ပေးမယ်လို့ ကျွန်တော်တို့ပြောခဲ့ပါတယ်။ အားလုံးပါဝင်နိုင်တဲ့ဟာကို ပေးမယ်လို့ပြောခဲ့ပါတယ်။ လက်ရှိလျှောက်ထားတဲ့ ၁၇ ဦးထဲမှာ Royal Yatanarpon လည်း ပါပါတယ်။ အော်ပရေတာနာမည် ရွေးဖို့ကတော့ ဘယ်သူနဲ့လုပ်မလဲဆိုတာ မသိကြသေးတော့ ရွေးဖို့စောနေပါသေးတယ်"ဟု ပြောကြား သည်။
လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းမည်ဖြစ်ရာ အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ၌ ပါဝင်နိုင်ရန် အမျိုးသားအများပိုင် ကုမ္ပဏီ ၁၇ ခုတို့က အဆိုပြုလွှာများ တင်သွင်းခဲ့ကြသည်ဟု သိရသည်။
အများပိုင် ကုမ္ပဏီဖွဲ့စည်းရေးနှင့် တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီသည် ဇူလိုင်လ ၂၆ ရက်မှစတင်၍ အမျိုးသားအများပိုင် ကုမ္ပဏီများကို လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာလိုင်စင်အတွက် ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပြုလွှာများကို သြဂုတ်လ ၂၄ ရက်အထိ လက်ခံရယူခဲ့ကြောင်း သိရသည်။
လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းပြီးပါက နိုင်ငံခြားမိတ်ဖက် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကော်ပိုရေးရှင်းတစ်ခုအနေဖြင့် မိုဘိုင်းဖုန်းအပြင် အခြားသော ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို အဆိုပါကော်ပိုရေးရှင်းမှ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဟု သိရသည်။
အသစ်ခန့်အပ်မည်ဖြစ်သည့် လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာသည် အခြားသော ဆက်သွယ်ရေး အော်ပရေတာများ နည်းတူ လုပ်ငန်း လိုင်စင် ၁၅ နှစ်အကြာ ရရှိမည်ဖြစ်ပြီး အခွန်အခများကိုလည်း သတ်မှတ်ထားသည့်အတိုင်း ပေးသွင်းရမည် ဖြစ်သည်။
တယ်လီကွန်းအော်ပရေတာ လုပ်ငန်းဆိုသည်မှာ Fixed Lines ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း အပါအဝင် ဆက်သွယ်ရေးနှင့် ဆက်စပ်နေသော လုပ်ငန်းများအားလုံးကို အပြည့်အဝ လုပ်ကိုင်ခွင့်ရရှိမည့် အနေအထားဖြစ်ကြောင်း သိရသည်။
Post a Comment