0


ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် မဲစာရင်းများ ပိုနေခြင်း မဟုတ်ဘဲ မဲစာရင်း ပြုစုသည့်ပုံစံ မတူသဖြင့် အရေအတွက် တိုးလာခြင်းဖြစ်ကြောင်း
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောကြားသည်။

လူမှုကွန်ရက် Facebook စာမျက်နှာတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် မဲစာရင်းတွင် လူဦးရေ ၉၀၀၀၀ ကျော် ပိုနေခြင်းသည် စာရင်းရေးသွင်းသည့် နည်းပညာ ဆော့ဖ်ဝဲကြောင့် ဖြစ်ကြောင်း သတင်းပျံ့နှံ့နေမှုအား မေးမြန်းမှုအပေါ် ၎င်းကထိုသို့ ပြောကြားသည်။

“ကျွန်တော်တို့က ပုံစံ(၆၆/၆)အရ ထည့်ထားတာလေ။ မြို့နယ်မှာရှိတဲ့ အိမ်ထောင်စု စာရင်းကို ကျွန်တော်တို့ ထည့်ထားတာ။ စက်ကြောင့် ပိုသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်စဉ်မျိုး မရှိပါဘူး” ဟု ဦးမြင့် သန်းက ပြောကြားသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အသုံးပြုမည့် မဲစာရင်းများကို အိမ်ထောင်စုစာရင်း (ပုံစံ-၆၆/၆) (အရပ်အခေါ် သန်းခေါင်စာရင်း) ကို အခြေခံ ပြုစုထားခြင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အသုံးပြု သည့် မဲစာရင်းအား ပြုစုပုံနှင့် မတူညီသည့်အတွက် လူဦးရေ တိုးလာခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ရွေးကောက်ပွဲ၌ မဲစာရင်း ပြုစုပုံမှာ မည်သည့်မြို့နယ်တွင် အိမ်ထောင်စုစာရင်း ရှိသည်ဖြစ်စေ ရွေးကောက်ပွဲ မဲစာရင်း ပြုစုသည့် ကာလတွင် အဆိုပါ ရပ်ကွက်တွင် အမှန်တကယ် နေထိုင်သည့် လူဦးရေစာရင်းကို ကောက်ယူ မဲစာရင်းပြုစုခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ၂၀၁၅ ရွေးကောက်ပွဲမှ စတင်ကာ နောင်ရွေးကောက်ပွဲများတွင်ပါ အသုံးပြုနိုင်ရန် ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အခြေခံ မဲစာရင်းအဖြစ် အိမ်ထောင်စု စာရင်းကိုသာ အခြေခံ ပြုစုသောကြောင့် မည်သူမဆို မည်သည့် ဒေသသို့ ရွှေ့ပြောင်းနေထိုင်သည် ဖြစ်စေ မူရင်း နေထိုင်ခဲ့သည့် ဒေသရှိ အိမ်ထောင်စုစာရင်းအား ရောက်ရှိဒေသသို့ ပြောင်းရွှေ့ခြင်း မရှိပါက ၎င်းတို့၏ မဲစာရင်းသည် မူရင်းဒေသ မဲစာရင်းတွင်သာ ပါဝင်မည် ဖြစ်သည်။

“၂၀၁၀ ကတော့ On ground ပဲ ပါတာကို ၂၀၁၅ နဲ့တော့ ယှဉ်လို့တော့ မရပါဘူး” ဟု ဦးမြင့်သန်းက ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာ မဲဆန္ဒနယ်၌ မဲပေးခွင့်ရှိသူ ၁၂၀,၀၀၀ ခန့်ရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းအား အခြေခံ ပြုစုထားသည့် အခြေခံ မဲစာရင်းမှာ ၁၇၀၀၀၀ ကျော်ရှိပြီး လူဦးရေ ငါးသောင်းကျော် မဲစာရင်းတွင် တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ မသမာမှုတွေ မဖြစ်အောင် ပိတ်ဆို့ကာကွယ်ဖို့ အများကြီး ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ မဲရုံကိုယ်စားလှယ်တွေ သင်တန်းတွေ ကောင်းကောင်းပေးဖို့ လုပ်ထားပါတယ်” ဟု NLD ကိုယ်စားပြု ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က ပြောကြားသည်။

သို့ဖြစ်၍ တောင်ဥက္ကလာပ မဲဆန္ဒနယ်ရှိ အိမ်ထောင်စုစာရင်းအား ပုံစံ (၁၀) ယူ၍ ပြောင်းရွှေ့ခြင်း မရှိသေးဘဲ လူပုဂ္ဂိုလ်များသာ အခြားဒေသသို့ ပြောင်းရွှေ့ နေထိုင်သူများ၏ မဲစာရင်းများသည် တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် ပါဝင်နေခြင်းဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်များသည် မဲပေးမည် ဆိုပါက တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် ပြန်လည် မဲပေးရမည်ဖြစ်သည်။ တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် ပြန်လည် မဲမပေးလိုဘဲ ရောက်ရှိဒေသတွင်သာ ၀င်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကို မဲပေးလိုပါက အဆိုပါ ရောက်ရှိဒေသရှိ ရပ်/ကျေးကော်မရှင် ရုံးများတွင် အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား၍ ပုံစံ(၃-က)ဖြင့် လျှောက်ထားရန် လိုအပ်မည် ဖြစ်သည်။                
Writer: 
ကျော်ဇင်ဝင်း
http://news-eleven.com/

Post a Comment

 
Top