0

Published on: July 8, 2014
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးကို ပီနန်ပြည်နယ်၊ ပီရိုင်းရှိ ၎င်းနေထိုင်ရာ နေအိမ်အနောက်ဘက်၌ ဓားဒဏ်ရာများဖြင့် သေဆုံးလျက်ရှိနေသည်ကို ဇူလိုင် ၈ ရက် နံနက်အစောပိုင်းက တွေ့ရှိခဲ့ရသည်ဟု Bernama သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

သေဆုံးသူကိုအောင်ခင်မှာ အသက် ၄၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး နောက်ကျောတွင် ထိုးသွင်းဓားဒဏ်ရာတစ်ချက်နှင့် ညာဘက်လက်မှာလည်း လက်ကောက်ဝတ်မှ ပြတ်တောက်လုဆဲဆဲ အလှီးခံထားရသည်ဟု သိရသည်။

အဆိုပါအရပ်တွင်နေထိုင်သူများက ဇူလိုင် ၈ ရက် နံနက် ၁ နာရီခန့်က အလောင်းကိုတွေ့ရှိခဲ့ကြခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့ရာတွင် သွေးစွန်းနေသော ဓားရှည်တစ်ချောင်း၊ ဓားမြှောင်နှစ်လက်၊ ချွန်ထက်သောလက်နက်တစ်ခုနှင့် မိုဘိုင်းဖုန်းနှစ်လုံးတို့ကို အသတ်ခံရသူ၏အလောင်းနှင့် မနီးမဝေးတွင် တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

ပီရိုင်းရဲတပ်ဖွဲ့အကြီးအကဲ ACP Rusli Mohd Noor က ပြောဆိုရာတွင် ကနဦးစစ်ဆေးချက်များအရ သေဆုံးသူကိုအောင်ခင်မှာ အသတ်မခံရမီတွင် ပေ ၃၀ ခန့် ဒရွတ်တိုက်ဆွဲခံသွားခဲ့ရကြောင်း ပြောဆိုခဲ့သည်။

"တိုက်ခိုက်မှုမှာအသုံးပြုခဲ့တယ်လို့ယူဆရတဲ့ သွေးစွန်းနေတဲ့ဓားရှည်ကို အသတ်ခံရသူရဲ့အလောင်းနဲ့ ပေ ၁၅၀ လောက်ဝေးတဲ့နေရာမှာ တွေ့ခဲ့ရပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။

မြန်မာနှစ်ဦးက ရဲတပ်ဖွဲ့ကိုပြောကြားချက်အရ ၎င်းတို့၏အိမ်ပြင်ဘက်တွင် ဆူညံသံတစ်သံကြားလိုက်ရသော်လည်း ရဲတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ ရောက်ရှိလာသောအခါမှသာ လူတစ်ဦးအသတ်ခံရသည်ကို သိရှိခဲ့ကြရခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ဖြည့်စွက်ပြောဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းအချက်အလက်ပေးနိုင်သူများအနေဖြင့် နီးစပ်ရာရဲဌာနများသို့ ဆက်သွယ်ပေးရန်အတွက်လည်း ရဲတပ်ဖွဲ့အကြီးအကဲက တိုက်တွန်းပြောဆိုခဲ့သည်။

၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခများကြောင့် အစွန်းရောက်အစ္စလာမ္မစ်အဖွဲ့များက မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအား လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ခဲပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများအား တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံသားအများအပြား သွားရောက်အလုပ်လုပ်ကိုင်နေပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်လျက်ရှိသည့် အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများတွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအား ဦးတည်အကြမ်းဖက်မှုများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ မြန်မာနိုင်ငံသံရုံးတို့ကို ဗုံးဖောက်ခွဲရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံရှိ ဘာသာရေးပဋိပက္ခဖြစ်ပွားမှုများနှင့် ဆက်စပ်နေဖွယ်ရှိကြောင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲက ပြောဆိုခဲ့ဖူးသည်။ ယခုမြန်မာနိုင်ငံသားတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်သည် မြန်မာနိုင်ငံသားများအား လက်စားချေလက်တုံ့ပြန်ခြင်းနှင့် သက်ဆိုင်မှု ရှိ မရှိဆိုသည့်အချက်မှာမူ မသိရှိရသေးပေ။ ယခုဖြစ်စဉ်အပါအ၀င် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ဖြစ်စဉ်အများစုတွင် သတ်ဖြတ်ခဲ့သည့် တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။

Eleven Media Group

Post a Comment

 
Top