Published on: June 22, 2014
Written by: နေရိုင်း၊ စိုးမင်းထိုက်၊ ဇော်ဝင်းချစ်
နိုင်ငံတစ်ခု၏ အနာဂတ်ကို ပြည်သူများကသာ ဆုံးဖြတ်နိုင်ရမည်ဖြစ်ကြောင်း၊ အစိုးရတစ်ခုသည် ပြည်သူများသို့ ကတိများပေးထားပါက တည်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသည်ဟု ပြောနေသူများအား ပြည်သူများအနေဖြင့် ဟုတ် မဟုတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၁ ရက်က တောင်ငူမြို့၌ ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး ဟောပြောပွဲတွင် ပြောကြားသည်။
ဖွဲ့စည်းပုံတွင် တရားမမျှတဘူးဆိုသည်မှာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုအတွက် တပ်မတော်သားကိုယ်စားလှယ်များပါဝင်မှ ပြုပြင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များကို ကာကွယ်ရေးဦးစီးချုပ်ကသာ ရွေးချယ်ခန့်အပ်ကြောင်း၊ ပြည်သူများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒီမိုကရေစီစနစ်အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဖွဲ့စည်းပုံပြင်ဆင်တာနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ထောက်ခံတယ်၊ ဘယ်သူတွေက ကန့်ကွက်တယ်ဆိုတာ ပြည်သူတွေအနေနဲ့ စောင့်ကြည့်သင့်တယ်။ နိုင်ငံကောင်းဖို့အတွက် ပြင်ဆင်လိုခြင်း ဖြစ်ပါတယ်။
တပ်မတော်နဲ့ပြည်သူကို သွေးခွဲတာမဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ မယူသင့်တာကို မယူဖို့၊ တပ်မတော်ရဲ့သိက္ခာအတွက်ပါ။ တပ်မတော်ဆိုတာ တိုင်းပြည်ကာကွယ်ဖို့အတွက် လိုပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ ဖွဲ့စည်းပုံပြင်ဆင်ချင်တယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ် သဘောတူမှပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက မဆုံးဖြတ်နိုင်ဘူး။ ပြည်သူတွေကို အလေးမထားသလို ဖြစ်နေပါတယ်။ ဒါတွေကြောင့် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဖွဲ့စည်းပုံမပြင်ချင်တဲ့သူတွေက ဖွဲ့ စည်းပုံပြင်ရင်ပဲ ဟိုဟာဖြစ်မယ်၊ ဒီဟာဖြစ်မယ်နဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေသလို ဖြစ်နေတယ်။ ပြည်သူတွေကို မခြိမ်းခြောက်သင့်တော့ဘူး။ ပြည်သူတွေအနေနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရပါမယ်။တချို့ တွေက ဖွဲ့စည်းပုံကနောက်မှ၊ ငြိမ်းချမ်းရေးက ပထမဆိုပြီး ပြောကြတယ်။ ဖွဲ့စည်းပုံပြင်နိုင်မှသာ တကယ့်ငြိမ်းချမ်းရေးကို ရရှိနိုင်မှာပါ။ တိုင်းရင်းသားတွေကလည်း ဒီဖွဲ့ စည်းပုံကို မကြိုက်ကြဘူး။ နိုင်ငံကောင်းဖို့အတွက် ပြင်ကိုပြင်ရပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဖွဲ့စည်းပုံပြင်ဆင်လိုခြင်းသည် NLD နိုင်ချင်ပြီး လုပ်နေသည်ဟု ပြောဆိုကြကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရှုံးနိမ့်မှုအတွက် ကြောက်နေမည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲပြိုင်ပါက အနိုင်နှင့်အရှုံးကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ အချို့မှာ ရှုံးနိမ့်မည်ကို ကြောက်နေကြကြောင်း၊ ပြည်သူများ ကြိုက်နှစ်သက်ခြင်းမရှိပါက ရှုံးနိမ့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
တရားရုံးများတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်ကို မည်ကဲ့သို့ဖြေရှင်းပေးနိုင်မည်နည်းဟု ဒေသခံတစ်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က“ကျွန်မတို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်ဆိုတာ သိပါတယ်။
ဒါကို လုံးဝမကြိုက်ပါဘူး။ လက်ရှိမှာ တရားရုံးတွေက မလွတ်လပ်တဲ့အနေအထားမှာ ရှိနေတယ်။ ပြည်ထောင်စုတရားသူကြီးချုပ်ကို သမ္မတကပဲ ခန့်တယ်။ သမ္မတကပဲ ဖြုတ်ခွင့်ရှိနေတယ်။ ပြည်သူက ရွေးချယ်သူဖြစ်ရမှာပေါ့။ ဒါကြောင့် ဖွဲ့စည်းပုံကို ပြင်ရမယ်။ တရားရေးမဏ္ဍိုင် လွတ်လပ်မှ အဂတိလိုက်စားမှု မရှိနိုင်တော့မှာပါ။ ဒီအတိုင်းဆိုရင်တော့ ဒီလိုပဲနစ်နေဦးမှာပဲ”ဟု ပြန်လည်ဖြေကြားသည်။
ဒီမိုကရေစီ အပြည့်အဝမရရှိပါက ပြည်သူများအနေဖြင့် ရပိုင်ခွင့်များကို ရရှိနိုင်မည်မဟုတ်ကြောင်း၊ တိုင်ကြားစာများအပေါ်တွင်လည်း ကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာမြေကိစ္စများကို လွှတ်တော်က ဆောင်ရွက်ပေးရန် အကြုံပြုတိုက်တွန်းမှုများသာ ပြုလုပ်နိုင်ကြောင်း၊ လက်တွေ့လုပ်ကိုင်ရမည့်သူမှာ အစိုးရဖြစ်ကြောင်း မေးမြန်းမှုများကို ဖြေကြားသည်။
တောင်ငူ ဗကသမှ ကျောင်းသားတစ်ဦး မေးမြန်းသည့်ပြည်သူများ ပါဝင်လက်မှတ်ရေးထိုး ဆန္ဒပြုထားသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အစိုးရက လျစ်လျူရှုနေပါက မည်သို့လုပ်ဆောင်မည်နည်းဟု မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုနေသည်ဆိုပါက အစိုးရသည် ပြည်သူများအား လိမ်နေသည်ဟု သိရှိနိုင်မည်ဖြစ်ကြောင်း၊ မလုပ်ဘူးဆိုပါက ဥပဒေဘောင်အတွင်းမှ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပြည်သူများသို့ ချပြသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မပြောနိုင်သေးကြောင်း၊ ပြောလိုက်ပါက လိုက်ပိတ်နေမည်ဖြစ်ကြောင်း၊ နိုင်ငံသားအချင်းချင်းဖြစ်သည့်အတွက် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လွတ်လပ်ရေးရပြီးစအချိန်တွင် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည့်အတွက် အရှေ့တောင်အာရှနိုင်ငံများမှပင် စံနမူနာယူခဲ့ကြကြောင်း၊ ဒီမိုကရေစီစနစ် ပျောက်ဆုံးပြီးနောက် ယခုကဲ့သို့ကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်း ပြောကြားသည်။
တောင်ငူမြို့ မိုင်ဒါအားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲသို့ တောင်ငူမြို့ဒေသခံများအပြင် ရေနီ၊ မြို့လှ၊ ဆွာ၊ ဖြူး၊ အုတ်တွင်း၊ ကညွတ်ကွင်း၊ ထန်းတပင် စသည့်မြို့များမှလည်း လာရောက်ခဲ့ကြပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်များရေးထိုးခဲ့ကြကြောင်း၊ တက်ရောက်သူဦးရေမှာ ၃ဝဝဝဝ ဝန်းကျင်ခန့်ရှိကြောင်း၊ ပအို့ဝ်၊ ကရင်၊ ကယန်းတိုင်း ရင်းသားများပါ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွန် ၂၁ ရက်က တောင်ငူမြို့၌ ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမှုသို့ တက်ရောက်လာသော ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment