ACM Re-Post 5-6-2014
ကက်သရင်းတီး အမည်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးက ၎င်းရွက်လွှင့်နေစဉ် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ဟု ယူဆရသည့် လေယာဉ်တစ်စီးကို တွေ့မြင်ခဲ့သည်ဟုပြောသည်။
၎င်းသည် အဆိုပါလေယာဉ်ကို မတ်လဆန်းတွင် တွေ့မြင်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏မျက်စိကို မယုံကြည်နိုင်သောကြောင့် ယခုအချိန်မှ ထုတ်ပြောရခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးသည်။
ကက်သရင်းတီးနှင့် ခင်ပွန်းဖြစ်သူ မာ့ခ်ဟွန်းတို့သည် အိန္ဒိယနိုင်ငံမှ ထိုင်းနိုင်ငံသို့ အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ ရွက်လွှင့်နေစဉ် မတ်လ ၇ ရက်နေ့ ည၌ မီးလောင်နေသော လေယာဉ်တစ်စီးဟု ယူဆရသည့် အရာတစ်ခုကိုတွေ့ခဲ့သည်ဟု ပြောသည်။ ၎င်းသည် စိတ်ချောက်ချားနေခဲ့သည်ဟု ယူဆခဲ့သော်လည်း မီဒီယာသတင်းဖော်ပြချက်များကို သိရှိပြီးနောက် MH 370 ၏ လေကြောင်းခရီးစဉ်ကို ပြန်လည်သုံးသပ်ခဲ့ရာ ၎င်းတို့၏ခရီးစဉ်များမှာ တစ်ခုနှင့်တစ်ခု ဆုံခဲ့သည်ကို သတိပြုမိခဲ့သည်ဟု Business Insider သတင်းကဖော်ပြသည်။
‘‘ကျွန်မက လိမ္မော်ရောင်အလင်းတွေနဲ့ လေယာဉ်ကို တစ်ခါမှမမြင်ဖူးတော့ ဘာများပါလိမ့်ဆိုပြီး အာရုံစိုက်မိတယ်။ အဲဒီလေယာဉ်နောက်မှာ အမည်းရောင်မီးခိုးလုံးတွေလို့ ယူဆရတဲ့အရာတွေလည်း ပါတယ်။ တွေ့နေကျမဟုတ်တော့ အဲဒါဘာပါလိမ့်ဆိုပြီး မေးခွန်းထုတ်နေမိတယ်။ အဲဒါ ဥက္ကာခဲပဲ ဖြစ်လိမ့်မယ်ဆိုပြီး တွေးလိုက်မိတယ်’’ဟု ကက်သရင်းတီးကပြောသည်။
ထို့နောက် ကက်သရင်းတီးက လေယာဉ်သည်တစ်စီးတည်းမဟုတ်ဟု ပြောကြားသည်။
‘‘အဲဒီအပေါ်မှာ နောက်ထပ်လေယာဉ်နှစ်စီး ရှိနေခဲ့တယ်။ သူတို့က ပုံမှန်လေကြောင်းအချက်ပြမီးတွေနဲ့ပါ။ ကျွန်မမြင်နေတဲ့ လေယာဉ်မီးလောင်နေတယ်ဆိုရင် ကျန်လေယာဉ်တွေက သတင်းပို့လိမ့်မယ်လို့ ကိုယ့်ဘာသာကိုယ် တွေးလိုက်မိတယ်’’ဟု ၎င်းကပြောသည်။
Ref : AFP
Aye Chan Mon Credit To: 7 Day Daily
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment