0

-ACM Re-Post 2-6-2014
Written by: ကြည်နိုင်

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့တွင် ကျင်းပသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘ/က)ကျောင်းများ ညီလာခံမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း မေ ၃၁ ရက် ညီလာခံ သဘောထားထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ညီလာခံတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ သြ၀ါဒဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကွန်ရက် ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ကိုပါ တစ်ပါတည်း ဆုံးဖြတ်ခဲ့ကြသည်။

ဘုန်းတော်ကြီးသင်ပညာရေး ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇဖောင်တော်ဦးဆရာတော် ဘဒ္ဒန္တနာယကက “တွေ့ဆုံပွဲမှ ဆုံးဖြတ်ချက်တွေ ဖြစ်လာဖို့ ရာခိုင်နှုန်းများပါတယ်။ ၁၉၉၂ ခုနှစ်ကတည်းက အခက်အခဲတွေကြားမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်လာဖို့ စခဲ့ရတာမို့ ဖြစ်လာဖို့ အများကြီးရှိပါတယ်” ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် မိန့်ကြားခဲ့သည်။

အဆိုပါ ညီလာခံတွင် ကျောင်းအုပ်ဆရာတော်များ၏ အခန်းကဏ္ဍ၊ အရည်အသွေးပြည့်မီသော ပညာရရှိနိုင်သည့် စစ်ဆေးအကဲဖြတ်မှုများ၊ ဘ/ကကျောင်းများတွင် တွေ့ရှိရသည့် စိန်ခေါ်မှုများ၊ ပြောင်းလဲနေသော ပညာရေးအပေါ် ကျောင်းအုပ်ဆရာတော်များ၏ အမြင်နှင့် သဘောထားများ၊ ဘ/ကကျောင်းများရှိ ဆရာ၊ ဆရာမများတွင် ရှိသင့်သော အရည်အချင်းများ၊ ကိုယ်စိတ်ကျန်းမာစေသော ဘာသာရပ်များနှင့် ဆက်လက်ပညာသင်ကြားနိုင်သော အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဆရာတော်များက ဆွေးနွေးခဲ့ကြသည်။

အထက်တန်းကျောင်း ခြောက်ကျောင်းနှင့် အလယ်တန်းကျောင်း (၃၅) ကျောင်း ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ၂၀၁၃ ခုနှစ် မေလက ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားသော်လည်း ယနေ့အချိန်ထိ ခွင့်လှစ်ခွင့်မရရှိသေးကြောင်း ဖောင်တော်ဦးဆရာတော်က ဆက်လက်မိန့်သည်။

ထို့ပြင် ဆက်လက်ပညာသင်ကြားနိုင်သော အခွင့်အလမ်းများ ခေါင်းစဉ်တွင် ဆွေးနွေးသော ဘ/ကပညာရေး ကောလိပ်များ ဖွင့်လှစ်ရန်အချက် ညီလာခံ သဘောထားထုတ်ပြန်ချက်တွင် မပါဝင်ခဲ့သော်လည်း မြန်မာတစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်ရန်အတွက် အခါအားလျော်စွာ အရည်အသွေးမြှင့် သင်တန်းများဖွင့် လှစ်ရန်အချက်ကိုမူ အစည်းအဝေးကြီးမှ အတည်ပြုခဲ့သည်။

အဆိုပါညီလာခံကို မေ ၂၉ ရက်မှ မေ ၃၁ ရက်ထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး နောင်တောင်းကျောင်းတိုက်နှင့် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း နောင်တောင်းကျောင်းတိုက်မှ ဆရာတော်ဦးရာဇိန္ဒသီရိက မိန့်သည်။ မူလက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်များ တွေ့ဆုံပွဲဟု ကျင်းပခဲ့ရသော်လည်း နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်သြ၀ါဒါစရိယ ဆရာတော်၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးနှင့် အဖွဲ့ဝင် ဆရာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘ/က ကျောင်းများမှ ဆရာတော်များ စုစုပေါင်း ၉၇၂ ပါးနှင့် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ်တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည့်အတွက် နိုင်ငံတော်အဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ညီလာခံဟု သတ်မှတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျေးလက်တောရွာများသာမက မြို့ပေါ်မြို့ကြီးပြကြီးမှာပင် ဆင်းရဲနွမ်းပါးသော ကလေးငယ်များ နေရာအနှံ့အပြားတွင် ရှိနေပြီး နေရာဒေသမရွေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်ရန် အမှန်ပင် လိုအပ်လျက် ရှိပါသည်” ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဘ/ကညီလာခံ ပထမနေ့တွင် ဆရာတော်များထံ လျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ဆရာ၊ ဆရာမပေါင်း ၆၀၀၀ ကျော်ရှိကြောင်း၊ ဘ/က ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၆၀၀၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဘ/က ညီလာခံတွင် ပြောကြားခဲ့သည်။

ဟိုပုံးမြို့တွင် ကျင်းပခဲ့သည့် ဘ/ကကျောင်းများ ညီလာခံအခမ်းအနားကို တွေ့ရစဉ်

Aye Chan Mon Credit To:
https://www.facebook.com/excellencemedia
yechanmon-news1.com
2

Post a Comment

 
Top