Published on: May 10, 2014
Written by: ဇင်ဘိုလွင်
တရုတ်ကွန်မြူနစ်ပါတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလူငယ်ခရိုင် ညီလာခံ လေ့လာခြင်း အပါအ၀င် NLD ပါတီ၏ လုပ်ငန်းစဉ်များအပေါ် လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့တွင် အဖွဲ့ဝင်လေးဦး ပါဝင်လာပြီး မေ ၅ ရက်ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ကာ မေ ၉ ရက်တွင် NLD လူငယ် ရန်ကုန်အရှေ့ ပိုင်းခရိုင် ညီလာခံသို့ လာရောက်လေ့လာမှု ပြုလုပ်ခဲ့သည်။
NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် များဖြစ်သည့် ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးကျော်ခင်၊ ဒေါက်တာမေ၀င်းမြင့်တို့နှင့် ဗဟိုကော်မတီဝင် ရှစ်ဦးသည် ဧပြီ ၂၀ ရက်မှ ၃၀ ရက်အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီက လေ့လာရေးအတွက် တောင်းဆိုခဲ့ခြင်းကြောင့် ပြန်လည်ဖိတ်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ၂၀ ရက်ကနေ ၃၀ ရက် အထိကို လူငယ်ညီလာခံ ကျင်းပရေးဗဟို ကော်မရှင်ဥက္ကဋ္ဌ ကိုမောင်မောင်ဦးနဲ့ ဒီလှိုင်းဂျာနယ်က အယ်ဒီတာကိုငြိမ်းသစ်တို့ ချစ်ကြည်ရေးခရီး သွားခဲ့ကြတယ်။ သွားခဲ့ပြီး အပြန်မှာ ၅ ရက်က ၉ ရက်ကို မြန်မာပြည်ကို NLD နဲ့ပတ်သက်ပြီးတော့ ဂျာနယ်တွေနဲ့ ပတ်သက်ပြီး၊ ပညာဒါနကျောင်းတွေနဲ့ ပတ်သက်ပြီး၊ ညီလာခံနဲ့ပတ်သက်ပြီး၊ လူငယ်တွေနဲ့ ပတ်သက်ပြီး သူလေ့လာချင်တယ် ဆိုပြီးတော့ ပြောတဲ့အတွက် ကျွန်တော်တို့က ပြန်ဖိတ်ကြားတဲ့အတွက် လာလေ့လာတာပါ" ဟု NLD ရန်ကုန်အရှေ့ပိုင်းခရိုင် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးနေကျော်က ပြောကြားသည်။
တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်များသည် NLD ပါတီမှထုတ်ဝေသည့် ဒီလှိုင်းဂျာနယ်တိုက်၊ အမေ့အိမ်ပညာဒါန ကျောင်းများကိုလည်း လေ့လာခဲ့ပြီး နောက်ဆုံးအဖြစ် NLD လူငယ်ရန်ကုန် အရှေ့ပိုင်းခရိုင်သို့ လာရောက်လေ့လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူငယ်ညီလာခံတွင် လေ့လာခဲ့မှုများနှင့် ပတ်သက်၍ NLD လူငယ်ညီလာခံ ကျင်းပရေးဗဟို ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက "အထူးသဖြင့် ဒီနေ့တက်ရောက်လာတဲ့ ကလေးတွေ အားလုံးက NLD အဖွဲ့ဝင်တွေ ဖြစ်သလား။ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာ နဂိုကတည်းက ကြိုတင်စာရင်းပေးပြီး ရွေးတာလား။ အခုမှချက်ချင်း ကိုယ့်သဘောဆန္ဒအရ ကိုယ်တိုင်တင်ပြပြီး ရွေးတာလား။ မဲပေးပုံမဲပေးနည်း စနစ်တွေပေါ့" ဟု ပြောကြားသည်။
အသေးစိတ် မသိရသော်လည်း တရုတ်ကွန်မြူနစ်ပါတီဝင်များ အနေဖြင့် ယခုခရီးစဉ်အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြားအဖွဲ့အစည်း များကိုလည်း လေ့လာခဲ့သည်ဟု သိရကြောင်း ဦးမောင်မောင်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံ အနေဖြင့် ယခင်စစ်အစိုးရ လက်ထက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် အတိုက်အခံ အင်အားစုများကို ဆက်ဆံမှု မရှိခဲ့သော်လည်း ၂၀၁၀ နောက်ပိုင်း သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်းတွင်မူ အစိုးရနှင့် အတိုက်အခံ အင်အားစု နှစ်မျိုးစလုံးနှင့် ဆက်ဆံလာခဲ့ကြောင်း သိရသည်။
ထို့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် NLD ပါတီတို့ကိုလည်း တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ဖိတ်ခေါ်မှုများရှိခဲ့ပြီး NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ လူငယ်အဖွဲ့များ စသည်ဖြင့် တရုတ်နိုင်ငံသို့ အလည်အပတ်နှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ခဲ့ရာ ငါးကြိမ်အထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment