0

တရုတ်နိုင်ငံတွင် လူမျိုးရေး ပြဿနာများဖြင့် မတည်မငြိမ် ဖြစ်နေသည့် ရှင်ဂျီအန်း ဒေသ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ(၃၁)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဒေသခံ အွိုင်ဂါ မွတ်ဆလင်များနှင့် ဟန်တရုတ်လူမျိုးများကြား တင်းမာမှုများ တောက်လျှောက် မြင့်တက်လာခဲ့သည့်နောက် ယခုပြဿနာသည် အဆိုးရွားဆုံး အခြေအနေတစ်ခု ဖြစ်လာသည်။ ရှင်ဂျီအန်း ဒေသ၏ မြို့တော် အူရမ်ကွီတွင် ဈေးတစ်ခုထဲ၌ သွားလာနေသူများကြား ကားနှစ်စင်းက အတင်းဝင်တိုက်ခဲ့သလို ဖောက်ခွဲရေး ပစ္စည်းများဖြင့် ပစ်ခတ်ခဲ့သဖြင့် လူအများအပြား သေဆုံးခဲ့ခြင်း ဖြစ်သည်။ ယခုဖြစ်ရပ်တွင် လူပေါင်း(၉၀)ထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း တရုတ်အစိုးရ၏ ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ယခုဖြစ်ရပ်နှင့် စပ်လျဉ်းပြီး ရက်စက်ကြမ်းတမ်းသည့် အကြမ်းဖက်မှုဟု ဝေဖန်ရှုတ်ချခဲ့သည်။ ရှင်ဂျီအန်း ဒေသသည် လူနည်းစု အွိုင်ဂါ မွတ်ဆလင်များ အဓိက မှီခိုနေထိုင်သည့် နေရာလည်း ဖြစ်သည်။ တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းသိမ်းချုပ်ကိုင်ထားသည့် ကြားမှာပင် အွိုင်ဂါတို့နှင့် ဟန်တရုတ် လူမျိုးများကြား ပြဿနာသည် ပိုမိုကြီးထွား တောက်လောင်လာနေခဲ့သည်။ တရုတ်နိုင်ငံတွင် လူသုံးများသည့် Micro Blogging ဝက်ဘ်ဆိုက်ဖြစ်သည့် Weibo၌ ကြာသပတေးနေ့ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်သော မှတ်တမ်း ဓာတ်ပုံ အများအပြားကို တွေ့ရသည်။

လူရှုပ်ထွေးနေသည့် ဟင်းသီးဟင်းရွက် ဈေးတန်းတစ်ခုကို ကားနှစ်စင်းက အတင်းဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ကားတစ်စင်းမှာ ပေါက်ကွဲသွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ အခင်းဖြစ်ရာ နေရာတွင် မီးခိုးများ ထွက်ပေါ်နေခဲ့သလို ကယ်ဆယ်ရေးများက ဒဏ်ရာရသူများအား ဆေးရုံအချို့သို့ လူခွဲပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာ့အွိုင်ဂါ ကွန်ဂရက်က ယခုဖြစ်ရပ် ပေါ်ပေါက်လာပြီးနောက် ဘေဂျင်းရှိ တရုတ်အစိုးရ အာဏာပိုင်များက ရှင်ဂျီအန်းတွင် အင်အားသုံး ဖြိုခွဲမှုများ ထပ်မံမပြုလုပ်ရန် သတိပေးခဲ့သည်။ အဆိုပါ အတောအတွင်း ဘေဂျင်းရှိ အချက်အခြာကျသော နေရာအချို့တွင် လုံခြုံရေးဆိုင်ရာ စံနှုန်းသစ်များ သတ်မှတ် ကြေညာထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရှင်ဂျီအန်း ဒေသသည် တရုတ်နိုင်ငံ အနောက်ဘက် အစွန်အဖျားတွင် တည်ရှိပြီး အလယ်ပိုင်းအာရှနှင့် ဆက်စပ်နေသည်။ တရုတ်အစိုးရက အဆိုပါဒေသ ဖွံ့ဖြိုးရေးအတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ကြောင်း ကြေညာထားသော်လည်း အွိုင်ဂါများကမူ ၎င်းတို့၏ ရိုးရာဓလေ့ထုံးစံများကို ဖိနှိပ်ချုပ်ခြယ်ခြင်း ခံနေရကြောင်း စွပ်စွဲထားကြသည်။ တရုတ်အစိုးရသည် ဘေဂျင်းမြို့တော်၊ တီယာနန်မန် ရင်ပြင်တွင် ကားဗုံးဖောက်ခွဲမှု တစ်ခုအပါအဝင် အကြမ်းဖက် လုပ်ရပ်များအတွက် အွိုင်ဂါခွဲထွက်ရေး လှုပ်ရှားသူများကို အပြစ်တင်ထားသည်။ အဆိုပါ ဖြစ်စဉ်တွင် လူ(၅)ဦး သေဆုံးခဲ့သည်။ ထို့အပြင် အူရမ်ကွီနှင့် ကူမင်းတို့ရှိ ရထားဘူတာများတွင် အမည်မသိ အကြမ်းဖက်သမားများက ဓားများဖြင့် ရမ်းကားတိုက်ခိုက် သတ်ဖြတ်ပြီး လူအများအပြား သေဆုံးခဲ့ရာတွင်လည်း အွိုင်ဂါမွတ်ဆလင်များ၏ စနက်ပင်ဖြစ်ကြောင်း အစိုးရက ယူဆထားကြောင်း သိရှိရသည်။

ACM Credit To:Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top