ACM Re-Post 25-5-2014
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကို မက်ဒရစ်တို့ တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ရှိ အက်တာဒီအို ဒါလုဇ် အားကစားကွင်းကြီးတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ်က အချိန်ပိုသွင်းဂိုးများဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ဆုဖလားကို ၁၀ ကြိမ်မြောက် ဆွတ်ခူးရရှိသွားပြီ ဖြစ်သည်။ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပိန်လာလီဂါ ပြိုင်ဘက်နှင့် မက်ဒရစ်မြို့ခံ ပြိုင်ဘက်နှစ်သင်း တွေ့ဆုံမှုလည်းဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ပွဲကစားချိန် ၉ မိနစ်၌ပင် အက်သလက်တီကို မက်ဒရစ်၏ အဓိက တိုက်စစ်မှူး ဒီယေဂို ကော်စတာမှာ ဒဏ်ရာကြောင့် အက်ဒရိန်းနှင့် လူစားလဲခဲ့ရသည်။ စပိန်ထိပ်သီးနှစ်သင်း ဖြစ်သည်နှင့်အညီ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပြီး ပွဲကစားချိန် ၃၆ မိနစ်တွင် အက်သလက်တီကို ကစားသမား ဂေါ့ဒင်က ရီးရဲလ်ဂိုးဧရိယာအတွင်း ရရှိလာသည့် ဘောလုံးကို ခေါင်းတိုက်သွင်းယူခဲ့ရာ ရှေ့သို့ထွက်လာသည့် ရီးရဲလ်ဂိုးသမား ကားဆီးလက်ကိုကျော်ပြီး ဂိုးဝင်သွားသဖြင့် အက်သလက်တီကိုတို့ ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ပထမပိုင်းအပြီးတွင် တစ်ဖက်နှင့်တစ်ဖက် ထပ်မံ၍ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ အက်သလက်တီကိုက ၁-၀ ဂိုးဖြင့် အနိုင်ရနေခဲ့သည်။
ထို့နောက် ဒုတိယပိုင်းကို ဆက်လက် ယှဉ်ပြိုင်ကစားရာ ရီးရဲလ်က ချေပဂိုးရရှိရေး ပိုမိုတိုက်စစ်ဆင် ကစားလာခဲ့သည်။ ရီးရဲလ်က ပွဲကစားချိန် ၅၉ မိနစ်တွင် ခီဒီရာနှင့် ကွန်ထရာအိုတို့အစား အစ္စကိုနှင့် မာဆယ်လိုတို့ကို ထည့်သွင်းကစားစေခဲ့သည်။ ဒုတိယပိုင်း ပွဲကစားချိန်များတွင် ရီးရဲလ်က ဘောလုံးပိုင်ဆိုင်မှု ပထမပိုင်းထက် ပိုမို၍ အသာရလာခဲ့ပြီး တိုက်စစ်ဆင်မှုများလည်း ပိုမိုပြုလုပ်လာခဲ့သည်။ ရီးရဲလ်တို့ ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း ဘေးလ်၏ ကန်ချက်အချို့လွဲချော်ခဲ့ပြီး ချေပဂိုး မရယူနိုင်ခဲ့ချေ။
ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ ရီးရဲလ်အသင်း ချေပဂိုး သွင်းယူနိုင်ခြင်း မရှိသေးဘဲ အက်သလက်တီကိုတို့ ချန်ပီယံလိဂ်ဆုဖလား ရရှိရန် အလားအလာ ကောင်းနေခဲ့သည်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီးနောက် နာကျင်အချိန်ပိုကို ကွင်းလယ်ဒိုင်က ၅ မိနစ် သတ်မှတ်ပေးခဲ့သည်။ နာကျင်အချိန်ပို ၃ မိနစ်တွင်မူ ရီးရဲလ်တို့အတွက် ချန်ပီယံလိဂ်ဆုဖလား မျှော်လင့်ချက် ပြန်လည် ရှင်သန်စေခဲ့သည့် ချေပဂိုးကို နောက်ခံလူ ရာမို့စ်က ထောင်ကန့်ဘောမှတစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့သည်။ ထို့နောက် သာမန်ပွဲကစားချိန် ပြီးဆုံးချိန်တွင် တစ်ဂိုးစီ သရေရလဒ်ဖြစ်နေခဲ့ပြီး အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့သည်။
အချိန်ပို ကစားချိန်တွင် ရီးရဲလ်ကပင် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပိုမိုထိုးဖောက်ကစားလာခဲ့သည်။ သို့သော် အချိန်ပို ပထမပိုင်း ၁၅ မိနစ်ပြီးဆုံးချိန်တွင်လည်း တစ်ဂိုးစီ သရေရလဒ်ပင် ဖြစ်ခဲ့သည်။ အချိန်ပို ဒုတိယပိုင်း ၁၅ မိနစ်ကို ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၁၁၀ မိနစ်တွင် ရီးရဲလ်ကစားသမား ဒီမာရီယာက အက်သလက်တီကို နောက်ခံကစားသမားများကို ဖြတ်ကျော်ကာ ဂိုးဧရိယာအတွင်းထိ ထိုးဖောက်၍ ဂိုးကန်သွင်းယူခဲ့ရာ အက်သလက်တီကို ဂိုးသမားက အကောင်းဆုံး ပုတ်ထုတ်ကာကွယ်လိုက်သော်လည်း အဆိုပါဘောလုံးကို ဂါရတ်သ်ဘေးလ်က ခေါင်းတိုက်သွင်းယူခဲ့သဖြင့် ရီးရဲလ်တို့ ဦးဆောင်ဂိုး ရရှိသွားသည်။
ထို့နောက် မကြာမီမှာပင် ရီးရဲလ်ကစားသမား မာဆယ်လိုက အက်သလက်တီကို နောက်ခံလူများကြား ဂိုးဧရိယာအစပ်မှ အမှတ်မထင် ကန်သွင်းယူခဲ့ပြီး ရီးရဲလ်အတွက် ဒုတိယဦးဆောင်ဂိုးကို လှလှပပ သွင်းယူသွားခဲ့သည်။ အချိန်ပို ဒုတိယပိုင်း ပြီးဆုံးခါနီးတွင်လည်း ရီးရဲလ်တို့ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဆက်လက်တိုက်စစ်ဆင်လာခဲ့ပြီး မိနစ် ၁၂၀ တွင် အက်သလက်တီကို ဂိုးဧရိယာအတွင်း ဘောလုံးဆွဲယူလာသော ရော်နယ်ဒိုကို ဖျက်ထုတ်မှုကြမ်းသဖြင့် ဒိုင်လူကြီးက ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ခဲ့သည်။
အဆိုပါ ပင်နယ်တီကို ရော်နယ်ဒိုကပင် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး အချိန်ပို ပွဲကစားချိန်အပြီးတွင် ရီးရဲလ်က ၄-၁ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဆုဖလားကို ၁၀ ကြိမ်မြောက် ဆွတ်ခူးသွားနိုင်ခဲ့သည်။ ရီးရဲလ်သည် ချန်ပီယံလိဂ်ဆုဖလားကို ၁၉၅၅-၅၆ ခုနှစ် ဘောလုံးရာသီမှ ၁၉၅၉-၆၀ ခုနှစ် ဘောလုံးရာသီအထိ ၅ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။ ထို့နောက် ၁၉၆၅-၆၆၊ ၁၉၉၇-၉၈၊ ၁၉၉၉-၂၀၀၀၊ ၂၀၀၁-၀၂ ခုနှစ် ဘောလုံးရာသီတို့တွင်လည်း ရယူနိုင်ခဲ့ပြီး ယခု ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဆုဖလားကို ၁၀ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ရီးရဲလ်သည် ယခုနှစ်ဘောလုံးရာသီတွင် စပိန်ဘုရင့်ဖလားကိုလည်း ရရှိခဲ့သည်။
ACM Credit To:Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment