0

Published on: May 10, 2014
Written by: ဝေလင်း(ပြည်)

ပဲခူးတိုင်း(အနောက်ပိုင်း) ဒေသကြီး ပေါင်းတည်မြို့တွင် မေ ၉ ရက် နံနက် ၈ နာရီခွဲက တပ်မတော်အပါဝင် အစိုးရဌာနများမှ သိမ်းယူထားသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်မှုကို ပေါင်းတည်မြို့ ဘွဲ့ပင်ကန်ရပ်ကွက် မှတ်တိုင်လမ်းမှ စတင်ခဲ့ကာ ဘုရားကြီးလမ်း တစ်လျှောက် ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ပြီး ပေါင်းတည်မြို့ သကျမုနိ မိုးကောင်းဘုရားကြီးထောင့်၌ နံနက် ၁၀ နာရီတွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

"နိုင်ငံတော်အစိုးကိုတင်တယ်။ ၀န်ကြီးဌာန အဆင့်ဆင့်ကိုတင်တယ်။ နိုင်ငံတော် သမ္မတကိုတင်တယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ သူတို့ဘက်က ဘာမှဆောင်ရွက်ပေးခြင်း မရှိဘူး။ ၇ ရက်နေ့မှာစာတင်တယ်။ လက်မခံဘူး။ သူတို့ညှိနှိုင်းပေးမယ် ပြောတယ်။ ဒါပေမဲ့ ဘာမှလုပ်မပေးဘူး။ ဒါကြောင့် ဆန္ဒပြတာ ဖြစ်တယ်" ဟု ဆန္ဒပြပွဲအား ခွင့်ပြုမိန့်တင် ဦးဆောင်ခဲ့သည့် ဦးခင်မောင်လှိုင်က ပြောကြားသည်။

ပေါင်းတည်မြို့နယ်တွင်းရှိ ပေါက်တောကျေးရွာ ပေါက်မှော်ကျေးရွာ မှတ်တိုင်ကျေးရွာများရှိ လယ်ယာမြေဧက ပေါင်း ၂၅၀ ခန့်ရှိပြီး၊ ၁၉၈၅ ခုနှစ် ပတ်ဝန်းကျင်အတွင်း ခ.မ.ရ (၁၀)၊ ပေါင်းတည်မြို့ သမ၀ါယမအသင်းနှင့် မှတ်တိုင် အ.ထ.က ကျောင်းတို့မှ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း၊ လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် တောင်သူလယ်သမားများမှာ လယ်ယာမြေပြန်လည် ရရှိရေးအတွက် ဌာနပေါင်းစုံသို့ စာတင်ခဲ့ပြီး လယ်ယာမြေ စုံစမ်းစစ်ရေး ကော်မရှင်သို့ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ အကြောင်းမထူးကြောင်း လယ်သမားများထံက သိရသည်။

ပြန်လည်ရယူလိုသည့် လယ်ယာမြေများတွင် မှတ်တိုင်ကျေးရွာ အ.ထ.က ကျောင်းမှ လယ်မြေများလည်း ပါဝင်နေပြီး မှတ်တိုင်ကျေးရွာမှ ဦးအုန်းဆောင်က "ကျောင်းဆောက်တုန်းက လှူပါဆိုလို့ပေးလိုက်တာပါ။ ရွာခံတွေ ပေးလိုက်တာက စုစုပေါင်း ၁၉ ဧက ရှိပါတယ်။ တကယ်တမ်း အသုံးပြုတာက ငါးဧကပဲရှိတယ်။ ပိုတဲ့ဟာတွေကို သီးစားခ ပြန်ချပေးတာမှာ ပြန်တောင်းတော့ လှူထားတာဆိုပြီး ပြန်မပေးပါဘူး" ဟု ပြောကြားသည်။

ဆန္ဒဖော်ထုတ်ပွဲမှာ တရားဝင်ခွင့်ပြုချက် ရရှိခဲ့ပြီး ပေါင်းတည်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် လယ်သမားကိုပေါက်စ ပြန်လည်လွှတ်ပေးရေးအတွက် သဲကုန်းမြို့နယ်မှ လယ်သမားများလည်း ပူးပေါင်းဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
-
ပေါင်းတည်မြို့၌ ပြုလုပ်သော တပ်မတော်အပါဝင် အစိုးရဌာနများက သိမ်းယူထားသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ပွဲကို မေ ၉ ရက်က တွေ့ရစဉ်

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top