Posted by AF in ဆောင်းပါးများ
နေ့လယ်ခင်း၏ အပူဒဏ် ကြောင့် ချွေးပြိုက်ပြိုက်ကျ နေသော်လည်း ကိုဝင်းဇော်တစ်ယောက် နားနားနေနေမရှိနိုင်။ နဖူးစပ်နှင့် ကိုယ်လုံးအနှံ့ ထွက်လာသည့် ချွေးများကို ကိုယ်လုံးတွင် စလွယ်သိုင်းထားသည့် ပုဆိုးဖြင့် ပွတ်သုတ်ရင်း ခြေလှမ်းများ ခပ်သုတ်သုတ်လှမ်းနေသည်။ ထို့နောက် ဘိလပ်မြေအိတ်များ ပုံထားရာနေရာမှ အိတ် တစ်အိတ်ကို မ,ယူရင်း မလှမ်းမ ကမ်း၌ ရပ်ထားသည့် ကားပေါ်သို့ ပစ် တင်ပေးလိုက်သည်။ ‘ဟူး’ကနဲ မြည် အောင် လေပူများကိုမှုတ်ထုတ်ပြီး ဆိုင် အနီးရှိ ခုံတန်း ရှည်ပေါ် တွင် ထမင်း ချိုင့်ဖွင့်ရင်း စားရန် ပြင်သော်လည်း ချက်ချင်းမစားနိုင်သေး၊ အဆာလွန်နေ သည်မို့ သောက်ရေပုံးထဲမှ ရေတစ်ခွက် ခပ်သောက်ပြီးမှ ထမင်းနှစ် လုတ် ခန့် စစားသည်။
”ဒီလို အလုပ်မျိုးတွေက ဘယ်က ထမင်းစားချိန်မှန်မတုန်း။ အလုပ်ရှိတဲ့ အချိန်လုပ်ရတာပဲ”ဟု ကိုဝင်းဇော်တစ် ယောက် ထမင်းပလုတ်ပလောင်းဖြင့် ဆိုသည်။ ကိုဝင်းဇော်တို့ တွင် မိသားစုဝင် လေးဦးရှိပြီး သူ့ထံတွင် အစ်ကိုတစ် ယောက်သာရှိသည်။ သို့သော် ညီအစ် ကိုနှစ်ဦးစလုံး၏ ပညာအရည်အချင်းမှာ မူလတန်းပင်မလွန်။ ထို့ကြောင့် အလုပ်ကို ကျပန်းလုပ်ကြရသည်။ ယခင်က ဆိုက်ကားနင်းစားသော် လည်း နေ့စားအနေဖြင့် ဘိလပ်မြေ၊ သဲ၊ အုတ်၊ ကျောက်စရစ် ဝင်သယ်သည့် အလုပ်မှာ ပိုက်ဆံမြိုးမြိုးမြက်မြက် ရ ကြောင်း အစ်ကိုကအဆွယ်ကောင်းသဖြင့် ညီအစ်ကိုနှစ်ဦး အတူတူ လုပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
သို့သော် ဘိလပ်မြေအိတ်များ စထမ်းစတွင် ဘိလပ်မြေမှုန့်များ လက်ပေါ် ဖိတ်စင်မှုကြောင့် ချွေးနှင့်ထိကာ အသားပေါက်ပြဲခြင်း၊ အပိန့်ထွက်ခြင်း၊ ယားယံပြီး စပ်ဖျဉ်း ဖျဉ်းဖြစ်သည့် ဒဏ် များ ခံစားခဲ့ရသည်ဟု ကိုဝင်းဇော်က ဆိုသည်။ မည်သည့်ရောဂါကြီးတစ်စုံ တစ်ရာမျှ မဖြစ်သေးကြောင်းလည်း ၎င်းက ပြောသည်။
”အသားတွေ နီပြီး စပ်ဖျဉ်းဖျဉ်း ကြီးနဲ့ နာလို့ သုံးလေးရက်လောက် မလုပ်နိုင်ခဲ့ဘူး။ ဒါပဲရှိတာပါ”ဟု ၎င်းက သူ့အတွေ့အကြုံကိုဆိုသည်။အသားပေါ်တွင် ဘိလပ်မြေများအ ကွက်လိုက် ကပ်ကျန်နေတာမျိုးတော့ ရှိပြီး ကျောက်ခဲဖြင့် တိုက်ပစ်ရကြောင်း၊ တစ်ခါတစ်ရံ အုန်းဆီဖြင့် စိမ်ပြေနပြေ ပွတ်ရကြောင်း ကိုဝင်းဇော်က ဆိုပြန်သည်။
ဘိလပ်မြေအိတ်သယ်သည့် အလုပ်စလုပ်ခါစတွင် ဆိုက်ကားဆရာဘဝပင် ပြန်ကူးချင်စိတ်ပေါက်သည်ဟုလည်း ၎င်းက ရယ်ကျဲကျဲဖြင့် ပြောပြသည်။ သို့သော်လည်း ၎င်း အလုပ်က တစ်နေ့ လုပ်ခ တစ်နေ့ရှင်းမို့ လုပ်နိုင်လျှင် လုပ်နိုင်သလောက်ရသည်မို့ မပြောင်းဖြစ် တော့ခြင်းဖြစ်ကြောင်း သိရသည်။ဘိလပ်မြေ အိတ်တစ်လုံးလျှင် ၂၅ ကျပ်နှုန်းပေးထားပြီး အိတ်သယ်မည့် အလုပ်သမားများအားခွဲတမ်းဖြင့် သယ်ယူခိုင်းခြင်းမျိုးဖြစ်သည်။ ပုံသေဆိုင်ဟူ၍မရှိ။ အနီးအနားပတ်ဝန်းကျင်ရှိ ဆိုင်များတွင်လည်း လှည့်ပတ်သယ်ယူပေးကြသည်။ သို့မှသာ နေ့ တွက်ကိုက်ကြသည်။ ကိုဝင်းဇော်အဖို့ တစ်ရက်လျှင် ငါးထောင်မှ ခြောက် ထောင်ကြားရပြီး အနည်းဆုံး အိတ် သုံးရာ သယ်ကြောင်း သိရသည်။
အသက် ၃ဝ ဝန်းကျင်သာ ရှိသေးသည့် ကိုဝင်းဇော်အတွက် ဘိလပ်မြေအိတ်ထမ်းရသည့်အလုပ်မှာ ပင်ပန်းမှုသိပ်မရှိ။ သို့သော်ကြာလာပါက ကျန်းမာရေးအရ ထိခိုက် မှုရှိတတ်သည်ကိုမူ မတောက်တခေါက် သိထားကြောင်း ကိုဝင်းဇော်တစ်ယောက် ဝန်ခံသည်။
”ဘိလပ်မြေမှုန့် ရှူမိတာများရင် အဆုတ်ထဲမှာ ကျောက်ဖြစ်တတ်တယ် ပြောတာကြားဖူးတယ်”ဟုဆိုသည်။ သိ ရုံသာသိထားခြင်းမျိုးဖြစ်ပြီး ကာကွယ် ခြင်းနည်း လမ်း များကိုမူ မယ်မယ်ရရ မလုပ်ဟုလည်း သိရသည်။ ”ငှက်ပျောသီးစားရင် အာခေါင်ထဲ ဘိလပ်မြေမှုန့်ဝင် လည်း ချောပြီးပါ သွားတယ်လို့ ပြောကြတယ်။ နေ့တိုင်း တော့ ဝယ် မစားပါဘူး။ ဆယ်ခါတစ်ခါ ပေါ့” ဟု ပြောသည်။
ဘိလပ်မြေသည် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေရန် အခွင့်အလမ်းများသည်။ ဘိလပ်မြေ အမှုန့်အဝင်ပါများပါက အသက်ရှူလမ်း ကြောင်း၏ ခုခံတိုက် ခိုက်စွမ်းရည်လျော့ ကျနိုင်ပြီး လေပြွန်ရောင်းယမ်းခြင်းနှင့် နမိုးနီးယား ရောဂါများပါ ဖြစ်လာနိုင်သည်ဟု အထွေထွေရောဂါ အထူးကုဆရာ ဝန်ကြီး ဒေါက် တာ ဇော် သန်းထွန်းက ပြောသည်။ ဘိလပ်မြေအမှုန့်များ ရှူရှိုက်မိပါက အဆုတ်ထဲ တိုက်ရိုက်ဝင် ရန်အခွင့်အလမ်းများသည်။ ထို့ကြောင့် အဆုတ်ကင်ဆာ အထိဖြစ် ပွားနိုင် ၍ ပေါ့ ဆမနေသင့်ကြောင်း ဒေါက်တာ ဇော်သန်းထွန်းက သတိပေးပြောကြားသည်။ လက်တွေ့ နေ့စားဘဝ ဘိလပ်မြေထမ်းသယ်သူများတွင်မူ ကြိုတင် ကာကွယ်မှု အားနည်း ဆဲဖြစ်ကြောင်း တွေ့ရသည်။
”အလုပ်ရှင်တွေက နှာခေါင်း စည်းပေးတယ်။ မတပ်ဖြစ်ပါဘူး။ အဲဒါ တပ်ထားရင် အသက်ရှူရ ပိုမွန်းလို့”ဟု စော်ဘွားကြီးကုန်းရှိ ဘိလပ်မြေဆိုင် များမှ ဘိလပ်မြေ အိတ်ထမ်းသည့် ကိုမောင်မောင်ဇင်က ဆိုသည်။ ဘိလပ် မြေထမ်းသည့် အလုပ်အား အသက် ၁၄ နှစ် အရွယ်ခန့်မှ စလုပ်လာခြင်း လည်းဖြစ်ပြီး တစ်ခါတစ်ရံ အသက်ရှူ ကျပ်သော်လည်း ယင်းအတွက် ကွမ်း ယာဝါးကာ စိတ်ဖြေကြောင်း ဆိုသည်။
စော်ဘွားကြီးကုန်း တစ်လျှောက် တွင်အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အရောင်းဆိုင်ကြီးများ များစွာရှိသော် လည်း ယင်းဆိုင်များတွင် ဘိလပ်မြေ နှင့် အခြားအရာများ သယ်ယူရန် ပင် တိုင် လုပ်သားမရှိ။ ဘိလပ်မြေကား၊ အုတ်သဲကျောက်ကားတစ်စီးဆိုက်လျှင် သယ်လိုသူများက ဆိုင်ကို ဝင်ပြော သည်။ သို့မှသာ လူခွဲ၍ တစ်ယောက် ဘယ်နှအိတ်နှုန်းဖြင့် သယ်ခိုင်းလေ့ရှိ ကြောင်း ‘စိန်’ဘိလပ်မြေနှင့် အိမ်ဆောက် ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်က ပြော သည်။ တစ်ခါတစ်ရံ လူနှစ်ဦးခန့်တည်း ဖြင့် ပုတ်ပြတ် လုပ်ခိုင်းတတ်ပြီး ယင်းမှာ ထမ်းမည့်သူ၏ လုပ်နိုင်သည့်အားပေါ် မူတည်ကြောင်း သိရသည်။
ဆိုင်အနေနှင့် အလုပ်သမားများ အတွက် ကျန်းမာရေး စောင့်ရှောက်ပေး မှု သီးသန့်တော့ မရှိ။ ဖျားလျှင်နာလျှင် နေ့စားခအနည်းငယ်ပိုပေးလိုက်ကြသည်။ သီးသန့်စရိတ် စကအနေနှင့် မရှိပေ။ ”ဒီမှာတွေက နေ့စားဝင်လုပ်ကြတာ၊ လူကလည်း အများကြီး။ လာသယ်တဲ့ လူတိုင်းကဆိုင်ခံလည်း မဟုတ်တော့ ကျန်းမာရေးစရိတ် တို့ ဆေး ကုပေးတာ တို့တော့ မရှိပါဘူး”ဟု ‘စိန်’ဘိလပ်မြေ အရောင်းဆိုင်ပိုင်ရှင်က ဆိုသည်။
ရောဂါနှင့် အန္တရာယ်များမှာ လက်တစ်ကမ်းနားတွင် ရှိသော်လည်း ပုံမှန်ဝန်ထမ်း မဟုတ်ခြင်းကြောင့် အ ကာအကွယ်နှင့် စရိတ်စကများ ရမနေ ခြင်းလား။ သို့တည်းမဟုတ် အကာအ ကွယ်ပေးရန်နှင့် ကျန်းမာရေးအတွက် ထိခိုက်မှုရှိလာသည်ကိုပင် ကြိုတင်သိရှိ မထားခြင်းလားဟူသည့် မေးခွန်းက ဒွိ ဟဖြစ်ဖွယ်ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် မည်သူမှ အလေးဂရုပြုခြင်း မရှိသေးကြောင်း၊ နိုင်ငံတကာရှိ ထိုကဲ့ သို့သော လုပ်ငန်းများတွင်မူ ကျန်းမာ ရေးအတွက် ပုံမှန်စစ်ဆေးပေးခြင်း၊ ဆေးကုသစရိတ် ထားရှိပေးခြင်းများရှိ ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့ကဆိုသည်။ ဆောက်လုပ်ရေးလုပ် ငန်းခွင်များတွင်လည်း လုပ်သားများအ တွက် ထိခိုက်မှုနှင့် အသက် အန္တရာယ် အတွက် လျော်ကြေးငွေများ ပေးအပ်ရ လေ့ရှိသည်ဟုလည်း ပြောသည်။
အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်သန်းထွန်း ကမူ လုပ်ငန်းခွင် ရပ်နားလိုက်သော် လည်း ယင်းလုပ်ငန်းကြောင့် ရောဂါ စွဲကပ်ပါရှိ သွားပါ က လျော်ကြေးပေး ခြင်းများပါ ပြုလုပ်တတ်ကြကြောင်း ၎င်း၏ အတွေ့အကြုံကို ဆိုသည်။ ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံအ ချို့၌ ဆေးစစ်ခြင်းမျိုး မပြုလုပ်သော် လည်း ကျန်းမာရေးအတွက် သာမန် ဖျားနာမှုများအတွက်ကိုမူ စက်ရုံအ တွင်း ဆေးပေးခန်းများ ထားရှိပေးတတ် ကြောင်း သိရသည်။
ကျောက်ဆည်မြို့ရှိ Grade 525 R အဆင့် ဘိလပ်မြေထုတ်လုပ်သည့် အေသုံးလုံး ဘိလပ်မြေစက်ရုံ၌မူ ၎င်းတို့၏ ဝန်ထမ်းများ သာမန်နာမကျန်း၊ ဖျားနာမှုများအတွက် သူနာပြုနှစ်ဦးထားရှိ ပေးထားပြီး တစ်ပတ်လျှင် အချိန်ဖြင့် ဆရာဝန်နှစ်ဦးခန့် အလှည့်ကျလာရောက်၍ ဆေးခန်းထိုင်ပေး ကြောင်းသိရသည်။ ထို့ပြင် စက်ရုံ တွင်း ဆေးေ ပးခန်းနှင့်မလုံလောက်ပါက တိုက်နယ်ဆေးရုံ၊ မန္တလေးမြို့ အလုပ်သမား ဆေးရုံများသို့ ပို့ဆောင်ပေးကြောင်း စက်ရုံမှူး ဦးမင်းယုက ပြောသည်။
စက်ရုံတွင် နေ့စားနှင့် ပုံမှန်ဝန် ထမ်းများရှိပြီး လုပ်သားဦးရေ ၇ဝဝ နီး ပါးခန့် ရှိကြောင်း သိရသည်။ အဆိုပါ လုပ်သားများအတွက် ကျန်းမာရေး စရိတ်စကများ အဆင်ပြေ ရန် လူမှုဖူလုံ ရေး ဝင်ထားပေးသည်ဟုလည်း ၎င်းက ဆက်ပြောသည်။ သို့သော် ၎င်းတို့မှာ ရုတ်တရက် ထိခိုက်မှုများနှင့် သာမန်ဖျားနာမှု များ အတွက်ဖြစ်ပြီး ဘိလ ပ်မြေကြောင့် ဖြစ် နိုင်သည့်ရောဂါများအတွက်ကိုမူ ကျန်း မာရေးအရ ကြိုတင်စီစဉ်ထားရှိမှုများ မရှိကြောင်း သိရသည်။
”နှာခေါင်းစည်းတွေတော့ ပေးထားပါတယ်”ဟု အေသုံးလုံး ဘိလပ်မြေ စက်ရုံမှူး ဦးမင်းယုက ၎င်းတို့၏ လုပ်သားများအတွက် အကာအကွယ်ပေးထားမှုကို ဆိုသည်။ ထို့ပြင် စက်ရုံသက်တမ်းတစ်လျှောက် ထူးထူးခြား ခြားရောဂါဖြစ်ပွားမှုလည်း မတွေ့ခဲ့ရကြောင်း ထပ်လောင်း ပြောသည်။ စော်ဘွားကြီးကုန်းရှိ နာမည်ကြီး အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်ကြီး တစ်ခုကမူ အဆိုပါ လုပ်သားများအ တွက် ကျန်းမာရေးစောင့်ရှောက်မှုကို ဘိလပ်မြေထုတ်သည့် စက်ရုံကြီးများက သာ တာဝန်ယူသင့်ပြီး ၎င်းတို့အနေနှင့် နေ့စားလုပ်သားများသာ ခေါ်ယူခိုင်းစေ ခြင်းဖြစ်၍ အလုံးစုံတာဝန်ယူရန် မဖြစ် နိုင်ကြောင်း ပြောသည်။
ထမင်းစားပြီးခါစဖြစ်၍ ချိုင့်မပိတ် ခင်မှာပင် ဆိုင်ရှေ့သို့ဝင်လာသည့် ဘိ လပ်မြေကားတစ်စီးကြောင့် ထမင်းချိုင့် ဖုံးကို မြန်မြန်ဆန်ဆန်ပိတ်ကာ ရော် ဘာဖိနပ်ခါးကြား ထိုးရင်း ကားရှိရာသို့ ကိုဝင်းဇော်အပြေးအလွှား သွားသည်။ ကားအနားတွင် သူ့လိုပင်အိတ်သယ်ရန် စောင့်နေသည့် အထမ်းသမား လေးငါး ဆယ်ဦး၊ နေ့တွက် မကို က်သေး၍ များများ သယ်နိုင်ရန် ကိုဝင်းဇော်တစ်ယောက် ဟန်ပြင်နေသည်။ ကားကြီး၏ဘေးတစ် ဖက်တစ်ချက်ရှိ ကားဘော်ဒီကိုဖွင့်ချ လိုက်ချိန်တွင်တော့ ဘိလပ်မြေ အိတ်များ မှအမှုန့်အငွေ့များက ဘွားခနဲဖွာထွက် လာသည်။ ထိုအငွေ့များပင် မပျောက် သေးသော်လည်း ဘိလပ်မြေအိတ်များ က အထမ်းသမားတို့၏ ပခုံးထက်၌ အစီအရီ နေရာယူထားပြီး ဖြစ်သည်။ ခြေလှမ်းများက ခပ်စိပ်စိပ်ရွေ့လျားနေ ရာက ကိုဝင်းဇော်တစ်ယောက် ဖြတ်ခ နဲ စကားကို အော်ပြောလိုက်သည်။
”ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ”
ညို့မှိုင်းနေသည့် နောက်ကျော ပြင်တစ်လျှောက် ချွေးစေးနှင့် ဘိလပ် မြေမှုန့်များက ရောကပ်လျက် တစ်သား တည်းကျနေကြသည်။ ပခုံးထက်တွင် တော့ ပုဆိုးတစ် ထည်နှင့် ဘိလပ်မြေ အိတ်တို့ ရှိနေပြီး ထိုသူတို့၏ ခေါင်းထဲ တွင် မိသားစုစားဝတ်နေရေးနှင့် နေ့ စားခ လေးငါးထောင်နှင့် ဘဝမျှော်လင့် ချက်များ ရောပြွမ်းလျက် ရှိသည်။
သုတလင်း၊ မြတ်စုငြိမ်း
Aye Chan Mon# Credit To : Popular Myanmar News Journal> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment