0

Published on: April 21, 2014
Written by: ဝေလင်းအောင်

လှိုင်သာယာမြို့နယ် အမှတ် ၄ ရပ်ကွက် ဆိပ်ကမ်းသာလမ်း သာယာကုန်းဘုန်းကြီးကျောင်း အရှေ့ဘက် ၁၅ ပေအကွာတွင် လှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဧပြီ ၂၀ ရက် နံနက် ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ကမ်းပါးပြိုကျမှုကြောင့် အနီးရှိ M-၅ သင်္ဘောကျင်း ၀င်းအတွင်း သင်္ဘောများဆိုက်ကပ်ရန် ပြုလုပ်ထားသော အလျားပေ ၃၀၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေရှိသော ကွန်ကရစ်ဆိပ်ခံတံတား အစိတ်အပိုင်းအချို့ မြစ်အတွင်း မျောပါသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၄ နာရီ၌ အဆိုပါနေရာ၌ပင် အလျား ၁၅ ပေ၊ အကျယ် ပေ ၃၀ ခန့် မြစ်ကမ်းပါးပြိုကျမှု ထပ်မံဖြစ်ပွားရာ အနီးရှိ သာယာကုန်းဘုန်းကြီးကျောင်း ၀င်းအတွင်းရှိ ရှစ်ခန်းတွဲအုတ်ညှပ် သွပ်မိုးအိမ်သာများ တိမ်းစောင်းသွားခဲ့ပြီး ကမ်းပါးပြိုကျမှုဖြစ်ပွားရာ နေရာမှာ နှစ်ထပ်အုပ်ညှပ်သွပ်မိုး ကျောင်းဆောင်အောက်ခြေအနီး ရောက်ရှိနေသဖြင့် ကျောင်းဆောင်အား ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

“အခုညနေပိုင်းရောက်တော့ ဦးဇင်းတို့ သံဃာတော်တွေနေတဲ့ နှစ်ထပ်တိုက်အဆောင်နား ရောက်တော့မယ်။ ဘာလို့နှစ်ထပ်တိုက်ကို ဖျက်လိုက်ရတာလဲဆိုတော့ အဲဒီကျောင်းဆောင်အောက်က ရေကန်အဟောင်းကြီး ဖြစ်နေလို့ပါ။ အရင်တုန်းကတော့ ကမ်းပါးကို တုပ်တွေရိုက်ထားတယ်။ ဒါပေမဲ့ ရေတိုက်စားတာများလို့ မခံနိုင်တော့ဘူးထင်တယ်။ အာဏာပိုင်တွေဘက်က ကမ်းပါးထပ်မပြိုအောင် ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတာတော့ ဦးဇင်းတို့လည်း မပြောတတ်သေးဘူး။ တစ်စုံတစ်ရာ ဆောင်ရွက်ခဲ့တာမျိုး မရှိရင်တော့ အလှူရှင် ဒကာ၊ ဒကာမတွေပဲ စောင့်ရမှာပေါ့” ဟု သာယာကုန်းကျောင်းတိုက်မှ ဆရာတော် ဦးသုနန္ဒက မိန့်ကြားသည်။

ယခုလို ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည့်ဖြစ်စဉ်မျိုး ဇန်န၀ါရီလအတွင်းက လှိုင်သာယာမြို့နယ် ဒိုက်စုကျေးရွာ၊ လှိုင်သာယာစက်မှုဇုန် အပိုင်း (၆) တွင် ဖြစ်ပွားခဲ့ဖူးပြီး ထိုသို့ မြစ်ကမ်းပါးပြိုကျမှုကြောင့် ၀င်းအတွင်းရှိ သွပ်မိုး၊ သွပ်ကာ အလုပ်သမား နားနေဆောင်နှင့် ဆီတင်ယာဉ်နှစ်စီး မြစ်အတွင်း နစ်မြုပ်ခဲ့သည်။

သာယာကုန်း ဘုန်းကြီးကျောင်းဆောင်နှင့်ကပ်လျက် မြစ်ကမ်းပါးပြိုကျနေသည်ကို တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top