0


မင်္ဂလာရှိသော မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်သည် ယခင်နှစ်များထက် စာလျှင် မြန်မာပြည်သူများ ပိုပြီး လွတ်လပ်ပွင့်လင်းမှု ရှိလာသည်။ သင်္ကြန်မတိုင်ခင် အိုးမဲသုတ်သည့် ကိစ္စအချို့ ရှိခဲ့သည်မှအပ ယခင်နှစ်များထက် ချုပ်ကိုင်ဖိနှိပ်မှု လျော့လာသည်။ စိတ်လက်ပေါ့ပါးမှု ပိုဖြစ်လာကြသည်။ အတာသင်္ကြန် ပွဲတော်သည်လည်း အတိတ်ကာလများထက် ပိုခေတ်ဆန် ပွင့်လင်းလာသည်။ မြန်မာပြည်သူများ၏ မျက်နှာများ ပိုကြည်ကာ မျက်လုံးများ အရောင်ပိုတောက်လာကြသည်။ မည်သည့်နှစ်မဆို အဆိုး၊ အကောင်း တွဲနေသည့်အတွက် ယခုနှစ်လည်း အဆိုးဟု ပြောရမည့် အခြေအနေ အချို့ ရှိသော်ငြား ကုန်ခဲ့သည့် အနှစ် နှစ်ဆယ်နှင့် ယှဉ်ကြည့်ပါက ပိုအေးချမ်းသာယာသည်မှာ မည်သူမျှ မငြင်းနိုင်ပေ။

ထိုအခြေအနေကောင်းများ ကြားတွင် များစွာ စိတ်မကောင်းစရာ ဖြစ်သည်မှာ ကချင်ပြည်နယ်တွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား သင်္ကြန်ကာလတွင်ပင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းပင်။ မြန်မာပြည်သူပြည်သား မှန်လျှင် ဘာသာ၊ လူမျိုးမရွေး နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ရောက်တိုင်း စိတ်လက်ကြည်လင်စွာဖြင့် ရေကစားကာ နှစ်ဟောင်းမှ အညစ်အကြေးများ ဆေးကြောသန့်စင်ချင်ကြသူချည်း ဖြစ်သည်။ သို့သော် တိုင်းရင်းသား ပြည်သူများအားလုံး ထိုဆန္ဒ မပြည့်ကြပေ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစုံလင်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး တစ်ခု အောင်မြင်စွာ ကျင်းပပြီးသည့် အပြင် များစွာ မင်္ဂလာ ရှိပြီး များစွာ ပျော်ရွှင်ကြည်နူးဖွယ်ရာ သင်္ကြန်ပွဲတော် ကျင်းပနေချိန်တွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းမှာ များစွာ စိတ်မကောင်းစရာ ဖြစ်သည်။ စင်စစ်အားဖြင့် ထိုတိုက်ပွဲများသည် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း အပြန်အလှန် သတ်နေကြခြင်းပင်။

စစ်ပွဲဆိုသည်မှာ မည်သည့်ဘက်က ရှုံးသည်ဖြစ်စေ နှစ်ဖက်စလုံး ရှုံးခြင်းသာ ဖြစ်သည်။ အထူးသဖြင့် ပြည်တွင်းစစ် ဖြစ်ပါက အဘက်ဘက်က ရှုံးသည်။ တိုက်နေသူ အချင်းချင်းတွင်သာမက မြေစာပင်ဖြစ်သူ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ နှစ်ဖက်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ၊ နိုင်ငံတကာတွင် မျက်နှာပန်းလှစ ပြုနေသော ပြည်ထောင်စု နိုင်ငံတော် တစ်ခုလုံး၏ ဂုဏ်သိက္ခာပါ ရှုံးခြင်းဖြစ်သည်။ စကားပြော ဆွေးနွေးညှိနှိုင်း အဖြေရှာလျှင် ရနိုင်ပါလျက်နှင့် ညီအစ်ကိုအချင်းချင်း ပြန်သတ်သကဲ့သို့ တိုက်ပွဲများသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခု၏ ဂုဏ်အင်္ဂါနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

မင်္ဂလာရှိရှိ မင်္ဂလာယူကာ ပျော်ရွှင်ချမ်းမြေ့ရမည့် သင်္ကြန်ပွဲတော်ရက် အတွင်းပင်မရှောင် အတ္တမိုက်လုံးကြီးကြီးဖြင့် တိုက်မိန့်ပေးကြသော နှစ်ဖက် စစ်ခေါင်းဆောင်များကို The Voice က အပြင်းအထန် ရှုတ်ချသည်။ အမိန့်ကို မလွန်ဆန်နိုင်သောကြောင့် တိုက်ရင်း အသက်စွန့်သွားကြရှာသည့် နှစ်ဖက်စလုံးမှ တပ်မတော်သား တိုင်းရင်းသား ညီအစ်ကိုအပေါင်းကို The Voice က အထူးသနား ကရုဏာသက်မိသည်။ သံသရာတွင် တင်လာသော အကြွေးများ မြန်စွာကုန်ပါက သံသရာမှာ ပြုလာသော ကုသိုလ်အကျိုး မြန်စွာပေးကာ ကောင်းရာမွန်ရာ ရောက်ကြစေကြောင်း၊ နောက်နောင် ဘဝများတွင် ယခုကဲ့သို့ ညီအစ်ကိုချင်း ပြန်သတ်သည့် ပတ်ဝန်းကျင်မျိုးနှင့် ကင်းဝေးကြစေကြောင်း ဆုတောင်းအပ်ပေသည်။

နှစ်သစ်ကူးတွင် ပြည်ထောင်စုအတွင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာ ရှိကြစေ၊ ဗြဟ္မစိုရ်တရား လေးပါး လက်တွေ့ကျင့်ကြံ နိုင်ကြစေ၊ မိမိလိုချင်၊ ရချင်၊ ရောက်ချင်၊ ဖြစ်ချင်၊ မြင်ချင်သည့်အတိုင်း တစ်ပါးသူတွေကိုလည်း ပေးနိုင်ကြစေ၊ ရန်သူမျိုး ငါးပါးရန် ကင်းဝေးကြစေ၊ ကုသိုလ်ကံ များများပြုပြီး ကောင်းကျိုးချမ်းသာ အမှန်ရနိုင်ကြစေဟု The Voice က ဆုတောင်းမေတ္တာ ပို့သအပ်ပေသည်။

အယ်ဒီတာ (၂၀-၄-၂၀၁၄)

(ဧပြီလ ၂၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top