0

Published on: April 6, 2014
Written by: အောင်သူ

မန္တလေးမြို့ သင်္ကြန်ပွဲတော်၌ နှစ်စဉ် အလှပြယာဉ်ပြိုင်ပွဲ ထည့်သွင်းကျင်းပလေ့ရှိရာ အလှပြယာဉ် ယှဉ်ပြိုင်ရန်အတွက် ကားများအား အသေးစိတ်ဆင်ယင်ပြုလုပ်မှု နည်းပါးလာကြောင်း သိရသည်။

အလှပြယာဉ် ယှဉ်ပြိုင်မှုတွင် ခရိုင်အလိုက် ယှဉ်ပြိုင်မှုများသာ ရှိတော့ပြီး တစ်နှစ်ထက်တစ်နှစ် ကုန်ကျစရိတ် မြင့်မားလာခြင်းကြောင့် ကားများအား အသေးစိတ်ဆင်ယင်ပြုလုပ်မှု လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ပြိုင်ပွဲဝင် အလှပြယာဉ်တွေက သူ့ထက်ငါ အပြိုင်ဆင်ယင်ပြီး ၀င်ပြိုင်ကြတာ။ အခု နောက်ပိုင်းနှစ်တွေမှာ ကုန်ကျစရိတ်က တစ်နှစ်ထက်တစ်နှစ် မြင့်လာတဲ့အပေါ်မှာ သက်ဆိုင်ရာ ခွင့်ပြုငွေနဲ့ မလုံလောက်တာတွေကြောင့် ဒီဇိုင်းပိုင်းကို အရင်လောက် အားမထားနိုင်တော့ဘူး။ ရိုးရာမပျက် ပြုလုပ်ပြီးတော့ပဲ ၀င်ရောက်ယှဉ်ပြိုင်လာကြတယ်” ဟု အလှပြယာဉ်များကို လက်ခံပြုလုပ်ပေးသည့် ကိုကျော်စိုးလွင်က ပြောကြားသည်။

အလှပြယာဉ်ပြိုင်ပွဲတွင် နှစ်စဉ်မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုမှ ကိုယ်စားပြု အလှပြယာဉ်များ ၀င်ရောက်ယှဉ်ပြိုင်လေ့ရှိပြီး အလှပြကားများတွင် မိမိခရိုင် ကိုယ်စားပြု အထိမ်းအမှတ်များကို ဒီဇိုင်းထည့်သွင်း ပုံဖော်လေ့ရှိကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုဖြစ်သော မန္တလေးခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်၊ ရမည်းသင်းခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မန္တလေးခရိုင်ကိုယ်စားပြု အလှပြယာဉ်အား ယခုနှစ်တွင် မန္တလေးမြို့၏ အထင်ကရဖြစ်သော ကျုံးပြသာဒ်၊ ဈေးချိုတော်၊ မြို့မငွေငန်းနှင့် ယဉ်ကျေးမှုအနုပညာ ပုံရိပ်တွင် ပုဂံပုံရိပ်များ ထည့်သွင်းဆင်ယင် သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြိုင်ပွဲဝင်ဖို့ မဟုတ်ဘဲ အလှပြယာဉ်ဆင်တဲ့သူ တချို့ကလည်း နီးစပ်ရာမှာပဲ အဆင်ပြေသလို အလှဆင်ကြတယ်။ အစဉ်အဆက် အလှပြယာဉ်ဆင်တဲ့ လုပ်ငန်းတွေမှာ လာအပ်ပြီး ဆင်တာမျိုး သိပ်မရှိတော့ဘူး” ဟု သင်္ကြန်အလှပြယာဉ်များအား နှစ်စဉ်လုပ်ကိုင်သူတစ်ဦးက ဆိုသည်။
-
ယခုနှစ် သင်္ကြန်ပွဲတော် အလှပြယာဉ်ပြိုင်ပွဲအတွက် မန္တလေးခရိုင် ကိုယ်စားပြု အလှပြယာဉ်အား ဆင်ယင်ပြုလုပ်နေသည်ကို တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top