Published on: April 20, 2014
၂၀၁၄ ခုနှစ် သင်္ကြန်ကာလ ပြီးဆုံးခဲ့ပြီဖြစ်ပြီး အေးချမ်းစွာ ပြီးဆုံးသွားခဲ့သည်ဟုပင် ဆိုရပေလိမ့်မည်။ သို့သော်လည်း သင်္ကြန်နှင့်ပတ်သက်၍ ပြောစရာများကတော့ အမြဲပင် ရှိနေတတ်စမြဲဖြစ်ရာ ယခုပြီးဆုံးခဲ့သည့် သင်္ကြန်နှင့် လူပြောများသော အကြောင်းအရာများကို ဖော်ပြအပ်ပါသည်။
ရန်ကုန်သင်္ကြန် အစည်ဆုံးဖြစ်ခဲ့တယ်
ယခုနှစ်သင်္ကြန်တွင် ရန်ကုန်သင်္ကြန်မှာ အစည်ကားဆုံးဖြစ်ခဲ့ပြီး ယခင်နှစ်များက ခြောက်သွေ့ကာ စည်ကားမှုနည်းပါးခဲ့သည့် ရန်ကုန်သင်္ကြန်မှာ ယခုနှစ်တွင် စည်ကားမှုအရှိဆုံးဟု ဆိုရမည်ဖြစ်သည်။
ယခင်နှစ်က ရန်ကုန်သင်္ကြန်တွင် ရေကစားမဏ္ဍပ် ၅၀ ကျော်သာ ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာအေးစေတီလမ်းပေါ်တွင် မဏ္ဍပ် ၁၂ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ် ၁၈ ခု၊ ပြည်လမ်းတွင် မဏ္ဍပ် သုံးခု၊ ဆရာစံလမ်းတွင် မဏ္ဍပ်လေးခု၊ သိမ်ဖြူ ယာဉ်မောင်းသင်ကွင်းရှေ့တွင် မဏ္ဍပ်သုံးခု အပါအ၀င် တစ်မြို့လုံးတွင် မဏ္ဍပ် ၁၀၀ နီးပါး ရှိခဲ့ခြင်းကြောင့် မဏ္ဍပ်အရေအတွက် တိုးလာခြင်းအပြင် နာမည်ကြီးဖျော်ဖြေရေး တီးဝိုင်းများနှင့် အနုပညာရှင်များစွာ ဖျော်ဖြေခဲ့ကြခြင်းကြောင့် လာရောက်ကြည့်ရှုအားပေးသူ တိုးမပေါက်အောင် စည်ကားခဲ့သည်။
အစည်ကားဆုံးမှာ ကမ္ဘာအေးစေတီလမ်းဖြစ်ခဲ့ပြီး Alpine မဏ္ဍပ်တွင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်၏ ဖျော်ဖြေမှုများအပြင် အခြားမဏ္ဍပ်ကြီးများစွာ တည်ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒုတိယ အစည်ကားဆုံးမှာ ပြည်လမ်းဖြစ်ပြီး Air Bagan မဏ္ဍပ်တွင်လည်း IC အဖွဲ့၏ ဖျော်ဖြေမှု၊ Huewai မဏ္ဍပ်ရှိ အနုပညာရှင်များ၏ ဖျော်ဖြေမှုများက များစွာသော ပရိတ်သတ်များကို များစွာဆွဲဆောင်ခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင်လည်း ဖျော်ဖြေရေး အစီအစဉ်များဖြင့် ယခင်နှစ်များထက် လာရောက်ကြည့်ရှုသူ ပရိတ်သတ် များပြားခဲ့သည်ဟု သိရသည်။
ပရိတ်သတ်များ ပြည့်လျှံခြင်းကြောင့် လမ်းများပိတ်ကာ ရေပက်ခံထွက်သည့် ကားများလည်း အချိန်နာရီနှင့်ချီ၍ စောင့်ဆိုင်းခဲ့ရသည်။
သင်္ကြန်မဏ္ဍပ်တွေနဲ့ စပွန်ဆာ
ယခုနှစ် သင်္ကြန်မတိုင်မီကတည်းက ယခင်နှစ်များထက် စည်ကားမည်ဟု ကြိုတင်ခန့်မှန်း ခဲ့ကြသောကြောင့် ကုမ္ပဏီများအနေဖြင့် သင်္ကြန်မဏ္ဍပ်များကို စပွန်ဆာပေးရန် ယခင်နှစ်များထက် ပိုမိုမျက်စိကျခဲ့ပြီး အထူးသဖြင့် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ သင်္ကြန်မဏ္ဍပ်များအား စပွန်ဆာပေးမှု များပြားခဲ့သည်။
အချို့ကုမ္ပဏီများမှာ မဏ္ဍပ်နှစ်ခုကိုပင် တစ်ပြိုင်နက်တည်း စပွန်ဆာပေးခဲ့မှုများ ရှိခဲ့ခြင်းကြောင့် သင်္ကြန်မဏ္ဍပ် အများစု စပွန်ဆာရရှိခဲ့ပြီး အနည်းအကျဉ်းသာ စပွန်ဆာနှင့် လွဲခဲ့သည်။
ယခင်နှစ်များက မဏ္ဍပ်များအား စပွန်ဆာပေးမည့် ကုမ္ပဏီ နည်းပါးခဲ့ပြီး အခက်အခဲများစွာ ရှိခဲ့သည်ဟု ဆိုသည်။
ယခုနှစ်တွင်မူ စပွန်ဆာရရှိမှု အခက်အခဲ မရှိသည့်အပြင် မဏ္ဍပ်လက်မှတ်ဈေးနှုန်းများ ယခင်နှစ်ထက် ဈေးအနည်းငယ်ဆွဲတင်မှု၊ ထိုသို့ဆွဲတင်ထားသော်လည်း မဏ္ဍပ်ထိုင် ရေပက်ကစားလိုသူ များပြားခဲ့ခြင်းကြောင့် ဒီနှစ်ရန်ကုန်သင်္ကြန် မဏ္ဍပ်များမှာ အမြတ်အစွန်းများ ခံစားခဲ့ရသည်။ သူငယ်ချင်းများနှင့် စီးပွားဖြစ်မဟုတ်ဘဲ အပျော်တမ်း မဏ္ဍပ်ဆောက်လုပ်သည့် သူများပင် အမြတ်အစွန်း ရရှိခဲ့ကြသည်ဟု ဆိုကြသည်။ လက်မှတ်ဈေးနှုန်းများကလည်း နောက်ဆုံးနေ့တစ်ရက်လျှင် ကျပ်ငါးသောင်း၊ ခြောက်သောင်းအထိ ပေါက်ဈေးရှိခဲ့သည်။
မလုံမလဲဝတ်သူ လျော့သွား
ယခင်နှစ်သင်္ကြန်များ အထူးသဖြင့် ၂၀၁၂ ခုနှစ် သင်္ကြန်ကာလတွင် မိန်းကလေးများ ၀တ်စားဆင်ယင်မှုအပိုင်း အနေဖြင့် မလုံမလဲ ၀တ်သူဦးရေ များပြားခဲ့ပြီး အနုပညာရှင်အချို့ပင် ပါဝင်ခဲ့ကြောင်း၊ သင်္ကြန်အပြီး ထွက်ရှိသည့် သတင်းစာ ဂျာနယ်စာမျက်နှာများ၊ အင်တာနက် ဖေ့ဘွတ်စာမျက်နှာများတွင် ပုံအများအပြား ဖော်ပြခဲ့ကြပြီး ယင်းကိစ္စအပေါ် ဝေဖန်ခဲ့သူလည်း များပြားခဲ့သည်။
သို့သော် ၂၀၁၃ ခုနှစ် သင်္ကြန်တွင်မူ အနည်းငယ် လျော့ကျသွားခဲ့ကြောင်း၊ ယခုနှစ်တွင်မူ စကတ်တို၊ ဘောင်းတီတိုနှင့် အပေါ်ပိုင်းတွင်လည်း အင်္ကျီမလုံ့တလုံ့ ၀တ်သူများ ရှိခဲ့သော်လည်း သိသာစွာ လျော့နည်းသွားခဲ့ပြီး သတင်းစာဂျာနယ် ဖေ့ဘွတ်စာမျက်နှာများတွင်လည်း ဖော်ပြမှု နည်းပါးခဲ့ကာ အရင်နှစ်လောက် ပြောစရာမရှိသည့် အခြေအနေ ဖြစ်ခဲ့သည်။ သို့သော် မိန်းကလေးများ အရက်သောက်စား မူးယစ်မှုများကို ပိုမိုတွေ့ကြုံရသည်ဟု သင်္ကြန်တွင် လည်ပတ်ခဲ့သူများက ပြောကြားကြသည်။
သင်္ကြန်မှာ နာမည်ကြီးခဲ့တဲ့ Grand Royal မဏ္ဍပ်
ဝတ်စားဆင်ယင်မှုအပိုင်းမှာ ပြောစရာ နည်းခဲ့သော်လည်း ဒီနှစ် ကန်တော်ကြီး ကရ၀ိတ်ဥယျာဉ်ကမ္ဘာ အတွင်းက Grand Royal ရေကစားမဏ္ဍပ်ရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေမှာတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်နဲ့ မကိုက်ညီတဲ့ ပုံစံတွေကို တွေ့ခဲ့ကြပြီး ဖေ့ဘွတ်စာမျက်နှာများတွင်လည်း များစွာဝေဖန်ကြသည်။
ရန်ကုန်သင်္ကြန်မှာ ယာဉ်ကြောပိတ်ဆို့မှု စံချိန်အတင်ဆုံးလို့ ဆိုနိုင်ပြီး အရင်နှစ်တွေထက် ဆိုးရွားခဲ့သည်။ အထူးသဖြင့် ကမ္ဘာစေတီလမ်း၊ ပြည်လမ်း စသော ကျယ်သည့်လမ်းများ၌ပင် ယာဉ်ကြောများစွာ ပိတ်ဆို့ခဲ့ပြီး မဏ္ဍပ်များအား ကြည့်ရှုသူ များပြားခြင်းနှင့်အတူ သင်္ကြန်တွင်း ယာဉ်ကြောပိတ်ဆို့မှုကို နိုင်နင်းစွာကိုင်တွယ်ခဲ့မှု မရှိခဲ့မှုကြောင့်လို့ ဆိုရမည်ဖြစ်သည် . . . . .
Grand Royal မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့က ထိုင်းအကအဖွဲ့၏ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အ၀တ်အစားများ ၀တ်ဆင်ကာ ကပြဖျော်ဖြေခဲ့သည့် ဓာတ်ပုံဗီဒီယိုများမှာ အင်တာနက် ဖေ့ဘွတ်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်သည့်အပေါ်တွင် သက်ဆိုင်ရာက ချက်ချင်းအရေးယူမှု မရှိခဲ့ဘဲ နောက်တစ်နေ့တွင် မဏ္ဍပ်အား သွားရောက်သတိပေးခဲ့ခြင်းသာရှိပြီး ထိုသို့ ကသည့်သူများမှာ မြန်မာများမဟုတ်ဘဲ ထိုင်းအကအဖွဲ့သာဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း ပွဲစီစဉ်သူ ဂျွန်လွင်ကလည်း အဆိုပါအကအဖွဲ့မှာ ထိုင်းနိုင်ငံမှ ခေါ်လာခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးသတင်းများအရ Grand Royal မဏ္ဍပ်ကို အမည်ပျက်စာရင်း သွင်းခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒီနှစ် သံချပ်ဖျော်ဖြေမှု နည်းခဲ့တယ်
ယခုအစိုးရသစ် လက်ထက်မှ ပြန်လည်ပေါ်ပေါက်လာသော သင်္ကြန်ကာလတွင်း သံချပ်ထိုးကာ ဖျော်ဖြေသည့် ယဉ်ကျေးမှုမှာ ယခုနှစ်တွင် ယခင်နှစ်လောက် များပြားခဲ့ခြင်း မရှိကြောင်း သိရသည်။
သံချပ်အဖွဲ့များမှ လက်ရှိဖြစ်ပျက်နေသော ပြည်သူများ၏ နေ့စဉ်ဒုက္ခများ၊ အားနည်းချက်များ၊ ပညာရေးဆိုင်ရာ အားနည်းချက်များ စသည်တို့ကို သံချပ်စာသားများဖြင့် ထိထိမိမိ သရော်ခဲ့ကြခြင်းဖြစ်ပြီး လူငယ်သံချပ်အဖွဲ့များလည်း ပေါ်ပေါက်ခဲ့သည်။
ထို့ပြင် ယခုနှစ်သင်္ကြန်တွင် ယခင်နှစ်များကဲ့သို့ သံချပ်များမှာ ဖျော်ဖြေရုံသက်သက် မဟုတ်တော့ဘဲ ပြိုင်ပွဲများကျင်းပ၍ ဆုချီးမြှင့်သည့် အစီအစဉ်များပါ ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့၌ သံချပ်များကို ဆုပေးသောမဏ္ဍပ်များ အနေဖြင့် သင်္ဃန်းကျွန်းမြို့နယ် ဇ/မြောက်ရပ်ကွက်ရှိ ရွှေစင်မဏ္ဍပ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက်ရှိ ရွှေဝါဆံမြေမဏ္ဍပ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်ရှိ ရတနာမြေမဏ္ဍပ်၊ ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းရှိ ဗမာမဏ္ဍပ် စသည်တို့ ပေါ်ပေါက်ခဲ့သည်။
ယာဉ်ပိတ်ဆို့မှု စံချိန်တင်တဲ့ ရန်ကုန်သင်္ကြန်
ရန်ကုန်သင်္ကြန်မှာ ယာဉ်ကြောပိတ်ဆို့မှု စံချိန်အတင်ဆုံးလို့ ဆိုနိုင်ပြီး အရင်နှစ်တွေထက် ဆိုးရွားခဲ့သည်။ အထူးသဖြင့် ကမ္ဘာစေတီလမ်း၊ ပြည်လမ်း စသော ကျယ်သည့်လမ်းများ၌ပင် ယာဉ်ကြောများစွာ ပိတ်ဆို့ခဲ့ပြီး မဏ္ဍပ်များအား ကြည့်ရှုသူ များပြားခြင်းနှင့်အတူ သင်္ကြန်တွင်း ယာဉ်ကြောပိတ်ဆို့မှုကို နိုင်နင်းစွာကိုင်တွယ်ခဲ့မှု မရှိခဲ့မှုကြောင့်လို့ ဆိုရမည်ဖြစ်သည်။
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းရန်နှင့် စည်းကမ်းပျက်မောင်းနှင်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် အသုံးပြုခဲ့ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့သည်။
သင်္ကြန်ကာလအတွင်း ရေကစားသူများ၊ ရေပတ်ခံထွက်သူများနှင့် ယာဉ်လမ်းကြောင်း ပိတ်ဆို့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
သို့သော် ပြေလည်ခဲ့ခြင်းမရှိဘဲ အဆိုးရွားဆုံးမှာ ပြည်လမ်းသို့ ရေပက်ခံလာသော ကားများမှာ ယာဉ်ပိတ်ဆို့မှုကြောင့် လမ်းပေါ်တွင် သုံးလေးနာရီ ကြာသည်အထိ စောင့်ဆိုင်းခဲ့ရမှုများ ရှိခဲ့သည်ဟု ရေပက်ခံထွက်သူများက ဆိုကြသည်။ ထိုသို့ စောင့်ဆိုင်းခြင်းကို စိတ်မရှည်တော့၍ ကားပေါ်မှဆင်း၍ မုန့်ဝယ်စားခြင်း၊ အင်းလျားကန်ပေါင်စောင်းတွင် သွားထိုင်နေခဲ့ရသူများလည်း အများအပြား ရှိခဲ့သည်။
သင်္ကြန်ကာလနှင့် မှုခင်း
ဒီနှစ်သင်္ကြန်ကာလမှာ မှုခင်းဖြစ်ပွားမှုနှုန်းက ယခင်နှစ် သင်္ကြန်ကာလထက် မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းဌာနမှ ထုတ်ပြန်ခဲ့သည်။
သင်္ကြန်လေးရက်အတွင်း တစ်နိုင်ငံလုံးတွင် လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက်မှု ၃၃၃ မှု၊ နာကျင်မှု ၁၅၀ မှု၊ သေမှုသေခင်း ၁၆ မှု၊ အခြားအမှု ၂၆၈ မှု အပါအ၀င် စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အရင်နှစ် သင်္ကြန်ကာလမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ စုစုပေါင်းမှုခင်း ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦး သေဆုံးကာ ၁၉၀ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် ယခုနှစ်မှာ မှုခင်းဖြစ်ပွားမှု မြင့်တက်ခဲ့သည်။
သို့သော် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ သင်္ကြန်ကာလ (အကြိုနေ့မှ အကြတ်နေ့အထိ) မှုခင်း ၁၁၆ မှုသာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၂ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဒီနှစ်သင်္ကြန် ထူးဆန်းတဲ့ သင်္ကြန်နှင့် ဆက်စပ်တဲ့ မှုခင်းအချို့လည်း ရှိခဲ့ပါတယ်။ သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် လင်မယားနှစ်ဦး အတူရေကစားနေစဉ် ယောက်ျားဖြစ်သူက အခြားအမျိုးသမီးတစ်ဦးအား ရေလောင်းသည်ကို စိတ်ဆိုးကာ မိန်းမဖြစ်သည့် အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးက ပိုးသတ်ဆေးသောက်ကာ သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၌ သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များတွင် လူသတ်မှုမှာ အများဆုံး ဖြစ်ခဲ့သည်။
ထိခိုက်ဒဏ်ရာရသူလည်း များတယ်
ဒီနှစ်သင်္ကြန်ကာလမှာ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာ ရရှိမှုများလည်း မြင့်တက်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာအရေအတွက်မှာ ယခုနှစ်တွင် ၂၀၀ နီးပါး ပိုများခဲ့ပြီး လူနာ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ သိရသည်။ သင်္ကြန်အကြိုနေ့တွင် လူနာ ၁၂၈ ဦးအနက် သေဆုံးလူနာနှစ်ဦး၊ သင်္ကြန်အကျနေ့တွင် လူနာ ၁၅၉ ဦးအနက် သေဆုံးလူနာသုံးဦး၊ သင်္ကြန်အကြတ်နေ့တွင် လူနာ ၁၈၉ ဦးအနက် သေဆုံးလူနာတစ်ဦး၊ သင်္ကြန်အတက်နေ့တွင် လူနာ ၂၁၈ ဦးအနက် သေဆုံးလူနာ လေးဦးအထိ ရှိခဲ့ကြောင်း သိရသည်။
ယခင်နှစ်က သင်္ကြန်ကာလတွင်း ထိခိုက်မှုများကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသူ ဦးရေမှာ ၅၁၈ ဦးသာ ရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးမှု စံချိန်တင်ခဲ့တဲ့နှစ်
ဒီနှစ်သင်္ကြန်ကာလမှာ လေးနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် စံချိန်တင် လူသေဆုံးတဲ့နှစ် ဖြစ်သည်ဟု သိရသည်။
သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုများ လျော့နည်းစေရန် သက်ဆိုင်ရာမှ စီမံချက်များချမှတ်၍ ပြုလုပ်ခဲ့သော်လည်း ယာဉ်တိုက်မှု များပြားနေဆဲပင် ဖြစ်သည်။
၂၀၁၁ ခုနှစ်က သင်္ကြန်ကာလတွင်း ယာဉ်တိုက်မှု ၃၂ မှု ဖြစ်ပွားခဲ့ပြီး လူငါးဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် လူလေးဦးသေဆုံးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု ၄၆ မှု ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း၊ ယခုနှစ်သင်္ကြန်တွင်မူ ယာဉ်မတော်တဆမှု ၆၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး စံချိန်တင် သေဆုံးခဲ့ပြီး လူ ၁၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုအဖြစ်အပျက်ကို အခြေခံ၍ ယာဉ်ကိုမဆင်မခြင် မောင်းနှင်သူများလည်း ဆင်ခြင်ရမည်ဖြစ်သလို သက်ဆိုင်ရာအနေဖြင့်လည်း ယာဉ်တိုက်မှုဖြစ်စဉ် များပြားသော အချိန်များတွင် စနစ်တကျ နိုင်နင်းစွာ ကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်ထားမှုများ လိုအပ်မည်ဟု သုံးသပ်ကြသည်။
သင်္ကြန်တွင်း မဏ္ဍပ်ရှေ့၌ ရေကစားနေကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment