0

အစိုးရသစ်လက်ထက်ဖြစ်သည့် ၂၀၁၁ ခုနှစ် မတ်မှ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်အထိ သုံးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၀ ဒသမ ၆ ဘီလျံကျော် ၀င်ရောက်ခဲ့ပြီး တရုတ်နှင့် စင်ကာပူနိုင်ငံ နှစ်ခုပေါင်း ၀င်ရောက်မြှုပ်နှံငွေ စုစုပေါင်းမှာ ဒေါ်လာခုနစ်ဘီလျံကျော်အထိရှိကြောင်း သိရသည်။

ဘဏ္ဍာနှစ်အားဖြင့် ဆိုပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်နှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် သုံးနှစ်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၁ ခုနှစ်မတ်တွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၃၅ ဘီလျံကျော်ရှိပြီး ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်တွင် ဒေါ်လာ ၄၆ ဘီလျံကျော်ရှိခြင်းကြောင့် ဘဏ္ဍာနှစ် သုံးနှစ်အတွင်း ဒေါ်လာ ၁၀ ဒသမ ၆၁၆ ဘီလျံကျော် တိုးတက်မြှုပ်နှံမှု ပြုလုပ်ကြကြောင်း သိရသည်။

နိုင်ငံအားဖြင့် တရုတ်မှမြှုပ်နှံမှုပမာဏ ဒေါ်လာလေးဘီလျံကျော်နှင့် စင်ကာပူနိုင်ငံတို့မှ ဒေါ်လာနှစ်ဘီလျံကျော်ရှိပြီး အဆိုပါနိုင်ငံများ အပါအ၀င် ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယား၊ ဗြိတိန်၊ မလေးရှား၊ ဂျပန်နှင့် ဗီယက်နမ် စသည့်နိုင်ငံပေါင်း ၂၀ မှ မြှုပ်နှံမှုပြုလုပ်ထားကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွား၊ အိမ်ခြံမြေ၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ကြပြီး လုပ်ငန်းများအနက် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာဘီလျံဖြင့်ချီကာ ၀င်ရောက်မြှုပ်နှံထားကြသည်။

အစိုးရသစ် လက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်များတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ကြရာတွင် အကျိုးအမြတ်များစွာ ရရှိနိုင်သည့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ် ကဏ္ဍများဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေး ကဏ္ဍများတွင်သာ ဆက်တိုက်ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ကြခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ အဆိုပါကဏ္ဍများ၌ ၀င်ရောက်မြှုပ်နှံမှု သိသာစွာ လျော့နည်းခဲ့ပြီး နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည့် ကုန်ထုတ်လုပ်ငန်းမျိုးစုံတွင် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်လာကြကြောင်း သိရသည်။

အဆိုပါ မြှုပ်နှံမှုများမှတစ်ဆင့် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာကို ဖန်တီးပေးနိုင်ခဲ့သည်ဟု သိရပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၁ ခုမှ အလုပ်အကိုင် အခွင့်အလမ်း ၅၀၇၅၁ နေရာအား ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ၀င်ရောက်လုပ်ကိုင်နေသည့် စီမံကိန်းတစ်ခုအား တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top