ဆရာသုတ
JOB Seekers Journal vol.2,no.41
တစ်ခါက ရိုးသားကြိုးစားပြီး ရှာလို့ရသမျှဝင်ငွေကို မိသားစု စားဝတ် နေရေး အတွက်ကလွဲလို့ ဘာမှအသုံးအဖြုန်းမရှိတဲ့ နေ့စား အလုပ်ကြမ်းသမား တစ်ယောက် ရှိပါသတဲ့။ တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ် ရတာ ကို မောတယ်လို့ သဘောမထားပေမယ့် နေ့လယ်စာဖြစ်ဖြစ် ညစာ ဖြစ်ဖြစ် တစ်နေ့မှာ တစ်နပ်လောက်တော့ ၀က်သား၊ ကြက်သား၊ ဆိတ်သား၊ ပုဇွန် တုပ်ကြီး စသည်ဖြင့် အသားဟင်း ဆီပြန်နဲ့ တစ်ဝစားရမှ တင်းတိမ်တယ်။ ဒါပေမဲ့ သူရတဲ့ ၀င်ငွေနဲ့ မိသားစုစရိတ်က တစ်ဖက်ရှိသေးတော့ သူစားချင်တဲ့ အသားဟင်းကို အမြဲတမ်း မစားနိုင်ဘူး၊ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါဆို သလို ငွေပိုငွေလျှံရှိမှပဲ စားနိုင်တယ်။ လူချမ်းသာတွေ ကားကြီးကားငယ် တ၀ီဝီစီးပြီး သွားလာနေတာ ၀တ်ကောင်းစားလှတွေဝတ်စားပြီး ရှိုးထုတ်နေ တာ၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေကြတာ သူအားမကျဘူး။ မြို့စွန်က တဲကလေးမှာနေ၊ ဘတ်စကားစီးပြီး တစ်နေ့ အတွက် အလုပ်ရှိတဲ့နေရာ လိုက်ရှာ အလုပ်ဆင်းရတဲ့ သူ့ဘ၀မှာဘဲ သူပျော်နေတယ်။ ဒါပေမဲ့ အဲဒီလူချမ်းသာတွေလို ငွေရေးကြေးရေး မပူပင်ဘဲ သုံးချင်သလို သုံးနိုင်တဲ့ ဘ၀မျိုး ရောက်လို့ကတော့ မနက်စာ၊ နေ့လယ်စာ၊ ညစာ သုံးနပ်လုံး အသား ဟင်းကောင်းကောင်းနဲ့ အားပါးတရ တစ်ဝကြီး စားပစ်လိုက်မယ်လို့ မကြာ မကြာ စိတ်ထဲမှာ ဖြစ်ပါသတဲ့။
ဒီလိုနဲ့ အဲဒီအလုပ်ကြမ်းသမားဟာ သူ့လုပ်ငန်းမှာ ကျွမ်းကျင်လာ တဲ့ အလျောက် နေ့စားဘ၀ကနေ လခစားဖြစ်လာတယ်။ ပြီးတော့ လစာ ပိုကောင်းတဲ့အလုပ်တွေကို တစ်ခုပြီးတစ်ခု ပြောင်းလုပ်တယ်။ အလုပ် တစ်ခု မှာ အတော်လေးကြာသွားတော့ သူဌေးတစ်ယောက်ရဲ့ ယုံကြည်မှုကို ရလာ ပြီး ကန်ထရိုက်အလုပ်တွေ ရလာတယ်။ အောက်သက်ကြေပြီး ရိုးသားကြိုး စားသူမို့ သူလုပ်လိုက်တဲ့ အလုပ်တွေက အခြားသူတွေ လုပ်တာထက် ကုန်ကျစရိတ်လည်း သက်သာတယ်၊ အရည်အသွေးလည်း ကောင်းတယ်။ မကြာခင်မှာပဲ အဲဒီသူဌေးနဲ့ ဆွေမျိုးသားချင်းတွေရဲ့ ကုမ္ပဏီအုပ်စုတစ်ခုလုံးက သူ့ကို အလုပ်တွေအပ်လာတယ်။ ငွေကြေးလည်း ချမ်းသာလာတယ်။ ချမ်း သာတာမှ တော်ရုံချမ်းသာတာမျိုး မဟုတ်ဘဲ အရင်က အိပ်မက်ထဲမှာတောင် မမက်ဘူးတဲ့ အင်မတန်များပြားတဲ့ စည်းစိမ်ဥစ္စာတွေ ပိုင်ဆိုင်လာတာဖြစ်ပါ တယ်။
နေ့စားအလုပ်သမားတစ်ဖြစ်လဲ သူဌေးလက်သစ်ကလေးဟာ ဘ၀ မမေ့ရှာဘူး။ အရင်ကလိုဘဲ ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားတယ်။ ဒါပေမဲ့ သူ့ဆန္ဒအတိုင်း ကောင်းပေ့ဆိုတဲ့ အသားဟင်းမျိုးစုံကို နေ့စဉ်ရက်ဆက် နင်း ကန်စားတော့တာပဲ။ အသားဟင်းချည်းပဲလားဆိုတော့ မဟုတ်ဘူး၊ ငါးမန်းတောင်ဟင်းချိုတို့၊ ငါးမြင်းဆီပြန်တို့လည်း နေ့တိုင်းစားသေးတယ်။
အစားသောင်းကျန်းလို့ မကြာခင်မှာပဲ အရင်က အင်မတန် ကျန်းမာ သန်စွမ်းခဲ့တဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ရောဂါမျိုးစုံ ဖြစ်လာတယ်။ နေ့စားအလုပ် ကြမ်းသမားဘ၀က တစ်နေကုန်တစ်နေခန်း ပင်ပင်ပန်းပန်း အလုပ်လုပ်ပေ မယ့် ဖျားတယ် နာတယ်ဆိုတာ မရှိခဲ့ပေမယ့် သူဌေးလေး ဘ၀မှာ ဗိုက်ရွှဲ အ၀လွန်ပြီး ပုံပျက်ပန်းပျက်နဲ့ ခေါင်းကိုက်ဗိုက်နာ အဖျားတက် မျိုးစုံဖြစ်လာတဲ့ အပြင် အဆစ်ရောင်တဲ့ ဂေါက်ရောဂါပါ စွဲကပ်လာတယ်။ အထူးကုဆရာဝန် ကြီးတွေနဲ့ပြပြီးအမျိုးစုံကု၊ ဆေးမျိုးစုံသောက်ပေမယ့် ရောဂါတွေက တစ်မျိုးပျောက်လိုက် နောက်တစ်မျိုး ဖြစ်လိုက်ပါပဲတဲ့။ နောက်ဆုံးတော့ ကျန်းမာရေး အတော်ဆိုးဝါးလာလို့ လမ်းတောင် မလျှောက်နိုင်ဘဲ ဆေးရုံ တက်ရတဲ့အထိ ဖြစ်သွားတယ်။ အဲဒီမှာ ရင်းနှီးတဲ့ ဆရာဝန်ကြီးတစ်ဦးက ဒီလိုရောဂါအမျိုးမျိုး ဖြစ်ရခြင်းရဲ့ အရင်းခံအကြောင်းက လိုတာထက် အများ ကြီး ပိုစားလို့ အစာက အဆိပ်ဖြစ်ပြီး ဒုက္ခပေးနေတာလို့ ရှင်းပြတယ်။ အသား ဟင်းတွေ စားတာ ကိုလျှော့၊ အသီးအရွက်ကိုလည်း ဗိုက်ပြည့်ရုံစားပြီး ကိုယ် လက်လှုပ်ရှားမှု ရှိအောင်နေမှ အသက်ရှည်မှာ ဖြစ်တဲ့အကြောင်း အကြံပေး တယ်။ ဆင်းရဲသားဘ၀က ဒေါင်ဒေါင်မြည် ကျန်းမာသန်စွမ်းခဲ့ပြီး သူဌေးဖြစ် လို့ စားချင်တာစားလို့ရကာမှ ဆေးရုံပေါ်ပက်လက်ကလေး ရောက်နေတဲ့ သူဌေး လက်သစ်ကလေးလည်း သူအင်မတန်ကြိုက်တဲ့ အသားဟင်းတွေကို စားချင်တိုင်း စားလို့ မရဘူးဆိုတာ သိလိုက်ရလို့ အတော်စိတ်ပျက်လက် ပျက် ဖြစ်သွားပါသတဲ့။
ဒီလိုပါပဲ၊ အလုပ်ထဲမှာ လုပ်ပိုင်ခွင့်တွေ ရလာရင်၊ အသုံးစရိတ်ကို ကြိုက်သလို သုံးနိုင်တဲ့ အနေအထားကို ရောက်လာရင်၊ ဘတ်ဂျက် ကိုင်ရတဲ့ သူဖြစ်လာရင်၊ ရာထူးအရွှေ့အပြောင်းလုပ်နိုင်တဲ့သူဖြစ်လာရင်၊ အသစ်ခန့်ခွင့် နဲ့ အလုပ်က ထုတ်ခွင့်တွေရှိလာရင် ဘာတွေကို ဘယ်လို လုပ်ပစ်လိုက်မယ် ဆိုပြီး စိတ်ထဲမှာ ကြိမ်းဝါးနေမိတတ်ပါတယ်။ တကယ် တမ်းရာထူးတိုးပြီး လူကြီးဖြစ်လာတဲ့အခါ အရင်တုန်းက ဆန္ဒရှိခဲ့တဲ့အတိုင်း အားပါးတရလျှောက် လုပ်လို့ကတော့ နေ့တိုင်းထမင်းစားတဲ့အခါ အသားဟင်းနဲ့ချည်း တစ်ဝတစ်ပြဲ စားလို့ ရောဂါမျိုးစုံ စွဲကပ်သွားတဲ့ သူဌေး လက်သစ်လို ပြဿ နာမျိုးစုံတက် သွားမှာဖြစ်ပါတယ်။
တကယ်တော့ ဘယ်လောက်ပဲ စွမ်းဆောင်နိုင်သူ၊ အရေးပါသူဖြစ် ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံနေရသူတွေရဲ့ပူးပေါင်း ဆောင်ရွက် မှုနဲ့ ကူညီပံ့ပိုးမှုကို အနည်းနဲ့အများ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် နဲ့ ခေါင်းဆောင်မှုကို သူတို့က လိုလိုလားလား ဖြစ်ဖြစ်၊ အောင့် သက်သက် နဲ့ဖြစ်ဖြစ် လက်ခံလိုက်နာမှ အလုပ်ဖြစ်မှာပါ။ ဒါကြောင့် အလုပ်ဝင်စ လုပ်ပိုင် ခွင့်တွေ ဆုံးဖြတ်ခွင့်တွေ မရသေးခင်မှာ အခြားသူတွေက လုပ်ပိုင်ခွင့်တွေ ဆုံးဖြတ်ခွင့်တွေကို ဘယ်လိုအသုံးချကြသလဲ ဆိုတာ အရင်ဆုံး လေ့လာ သင့်ပါတယ်။ နားလည်သဘောပေါက်ပြီးရင် သူတို့တွေထက် ပိုကောင်းအောင် ဆန်းသစ်တီထွင်နိုင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ စိတ်ထင်တိုင်း ကောင်းမယ်ထင်တိုင်း လျှောက်လုပ်ပြီး အခြား သူတွေက ကိုယ်မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုတွေ လုပ်လာတဲ့အခါကျမှ “ငါ့စေတနာ သူတို့နဲ့ မတန်ဘူး” ဆိုပြီး ခါးသီးမှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေ ဖြစ်နေလို့ အကျိုးမရှိပါဘူး။
Aye Chan Mon# Credit To :JOB seekers Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia
Post a Comment