0

(Written by: ဒေါက်တာရန်မျိုးသိမ်း)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ် ပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲအခန်းကို ပြင်ဆင်နိုင်ရန် ထည့်သွင်းအဆိုပြုမည်ဖြစ်ကြောင်း အတည်ပြု ဆုံးဖြတ်ချက်သည် လတ်တလော ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းအပေါ် စိတ်ဝင်စားမှုများကို မြင့်တက်စေခဲ့သည်။ အများစိတ်ဝင်စားနေသော ပုဒ်မ ၅၉ သည် ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး အစီရင်ခံစာတွင် ပါဝင်လာခြင်းသည် နိုင်ငံရေးအရ စိတ်ဝင်စားဖွယ်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော် အကြီးအကဲမှာ ရှိသင့်ရှိထိုက်သော အရည်အချင်းများနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ ကိုလည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီသည် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရဟူသည့် အချက်အား လျှော့ချပေးရန် သဘောတူ ဆုံးဖြတ်ခဲ့သည်ဟုလည်း သတင်းများတွင် ဖော်ပြကြသည်။ အဆိုပါ ဆုံးဖြတ်ချက်ပါ ပယ်ဖျက်မှုကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတို့မှတစ်ဆင့် အတည်ပြုပြီးပါက၊ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးကောက်ခံနိုင်ရန် အလားအလာ ကောင်းနိုင်ခြေ ရှိသော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် မြန်မာနိုင်ငံသားအဖြစ် ခံယူရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့သည်ဟု ပါတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အစားထိုးခြင်း ၁၂ ချက်၊ ဖြည့်စွက်ခြင်း ၁၃ ချက်၊ ပယ်ဖျက်ခြင်း ၅ ချက်၊ ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းတွင် ဖြည့်စွက်ခြင်း ၁၁ ချက်နှင့် အခြေအနေ အချိန်အခါအရ ပြင်ဆင်သင့်သော ပြဋ္ဌာန်းချက် ၆ ချက်တို့ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း၊ အသေးစိတ် အချက်အလက်များကို တရားဝင် ထုတ်ပြန်ထားသည်ကို မတွေ့ရှိရပေ။ ပြည်ခိုင်ဖြိုးပါတီသည် အချက်ပေါင်း (၄၇) ချက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး အစီရင်ခံစာကို ပူးပေါင်းကော်မတီသို့ ပေးပို့မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ လေ့လာသုံးသပ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ၊ ဒီချုပ်ပါတီ အပါအ၀င် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် တပ်မတော်တို့သည် သီးခြားအဆိုပြုချက်များကို ကော်မတီသို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားလျက်၊ တင်သွင်းခဲ့ပြီးဖြစ်သည်။ ပူးပေါင်းကော်မတီသို့ တင်သွင်းမည့် ပြည်ခိုင်ဖြိုးပါတီ၏ အဆိုပြုချက်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုပြုချက်များကို ဆန်းစစ်သုံးသပ်လျှင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ခြေကို တွက်ချက်သုံးသပ်နိုင်မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကာလတွင် ပုဒ်မ ၅၉ (စ)သည် ရေပန်းအစားဆုံး ပြဋ္ဌာန်းချက်တစ်ခု ဖြစ်သည်။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်များနှင့် ဆက်စပ်သော ပုဒ်မ ၅၉ တွင် ပုဒ်မခွဲ (စ)သည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၅၉ (စ) တွင် မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီ့း မဟုတ် ခင်ပွန်းသော်လည်းကောင်းဟူသည့် အပိုဒ်ကို ဖြုတ်ပယ်ပြင်ဆင်နိုင်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတအဖြစ် ၀င်ရောက်အရွေးခံနိုင်ရန် အပြည့်အ၀ လမ်းပွင့်သွားနိုင်ဖွယ် ရှိနေသည်။

အကယ်စင်စစ် ပုဒ်မ ၅၉ (စ)ပါ ပြဋ္ဌာန်းချက်များကို ပယ်ဖျက်နိုင်ရန် သို့မဟုတ် ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်တွင် အများစုပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီ၏ အဆိုပြုချက်သည် နိုင်ငံရေးအရ အားကောင်းသော်လည်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုကို ရရှိမှသာ၊ ပုဒ်မ ၅၉ အပါအ၀င် အဓိကပုဒ်မပေါင်း ၇၄ ခုကို ပြင်ဆင်နိုင်ရန် ပထမအဆင့် အနေဖြင့် အထမြောက်မည် ဖြစ်သည်။ နောက်တစ်ဆင့်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြစ်ပြီး၊ မဲပေးပိုင်ခွင့်ရှိသူ၏ ထက်ဝက်ကျော်က ထောက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် ထောက်ခံအဆိုပြုရုံမျှဖြင့်၊ ပြင်ဆင်မှု အထမမြောက်နိုင်သေးကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို မရရှိလျှင်၊ ပုဒ်မ ၅၉ အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများအားလုံးကို ပြင်ဆင်နိုင်ရန် ဖြစ်နိုင်ခြေ မရှိကြောင်း သုံးသပ်တွေ့ရှိရသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် အဆုံးအဖြတ် အစုအဖွဲ့ ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဆက်စပ်လျက် တပ်မတော်ကို မည်သို့ချဉ်းကပ် ဆွေးနွေးမည်ကို လက်တွေ့ကျကျ စဉ်းစားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ အကျိုးစီးပွားများနှင့် ဆက်စပ်နေသည့်အလျောက် ပြည်ခိုင်ဖြိုးပါတီ၊ ဒီချုပ်ပါတီ၊ တိုင်းရင်းသားပါတီများနှင့် အခြားပါတီများ၏ ခေါင်းဆောင်များသည် တပ်မတော် အကြီးအကဲများနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေးမှုများ၊ နိုင်ငံရေးအရ အပေးအယူများတို့ကို ပြုလုပ်နိုင်မှသာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ပိုမိုခရီးပေါက်နိုင်ဖွယ် ရှိသည်ဟု မှတ်ချက်ပြုနိုင်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်များနှင့် ဆက်စပ်သော ပုဒ်မ (၅၉) ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ထင်ဟပ်သည့် ဆုံးဖြတ်ချက်၏ နောက်ကွယ်တွင် နိုင်ငံရေးဗျူဟာ ခင်းမှုများ ရှိနေနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို အကြောင်းပြုလျက် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များနှင့် ဒီချုပ်ပါတီ ခေါင်းဆောင်များအကြား ယုံကြည်မှုနှင့် နားလည်မှုကို ပိုမိုမြှင့်တင်လာနိုင်ရန် ရည်ရွယ်သည့်အပြင် နိုင်ငံရေးအရ သဘောထားကြီးမှုနှင့် ရင့်ကျက်မှုတို့ကို ကိုယ်စားပြုနိုင်ရန် ရည်ရွယ်ပုံရသည်။

လက်တွေ့ကျကျ ဆန်းစစ်လျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကာလတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၅၉) အပါအ၀င် အဓိကပုဒ်မ (၇၄) ခုကို ပြင်ဆင်နိုင်ရန်မှာ ဖြစ်နိုင်ခြေ နည်းပါးလျက်ရှိသည်ဟု ကောက်ချက်ပြုနိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ သာမန်ပုဒ်မများသာ ပြင်ဆင်နိုင်ခြေ မြင့်မားပြီး တပ်မတော်နှင့် ဆက်စပ်သော ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ခြေမှာ ၂၀၁၅ ခုနှစ်မတိုင်မီ ကာလတွင် ဖြစ်နိုင်ခြေမရှိဟု သုံးသပ်နိုင်သည်။

နိဂုံး
အချုပ်အားဖြင့်ဆိုသော် လာမည့်လွှတ်တော် အစည်းအဝေးများတွင် တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် မြန်မာ့နိုင်ငံရေး ရှေ့ခရီးနှင့် လည်းကောင်း၊ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်လည်းကောင်း များစွာဆက်စပ်နေသည်။ ၂၀၁၄ ခုနှစ် လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးမှုများနှင့် ပြည့်နှက်နေနိုင်သော်လည်း နဖူးတွေ့ဒူးတွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် အဆင့်ကိုမူ ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းရောက်မှသာ ဖော်ဆောင်နိုင်ဖွယ် ရှိနေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မထောက်ခံလျှင် အထမမြောက်နိုင်သည့်အလျောက် နိုင်ငံရေးခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များအကြား ပွင့်လင်းမြင်သာမှုရှိသော အလုပ်သဘော တွေ့ဆုံဆွေးနွေးမှုများသည် ၂၀၁၄ ခုနှစ်အတွင်း ရုပ်လုံးပေါ်လာရေးသည် မြန်မာ့နိုင်ငံရေး စပ်ကူးမပ်ကူး၏ အဓိက လိုအပ်ချက်ဟုပင် သတ်မှတ်နိုင်သည်။ ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံရေးဗျူဟာနှင့် အစီအမံများကို စနစ်ကျသိမ်မွေ့စွာ ပြင်ဆင်နေသည့်အပြင် ပြည်သူလူထု အခြေပြု နိုင်ငံရေးပါတီ တစ်ခုအဖြစ် တည်ဆောက်နိုင်ရန် ပြင်ဆင်နေသည့် တစ်ချိန်တည်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် အခြားပါတီများသည် စနစ်ကျ ပွင့်လင်းမြင်သာသော ပြင်ဆင်မှုများနှင့် ပါတီတည်ဆောက်ရေးကို ရုပ်လုံးပေါ်အောင် အားမထုတ်နိုင်လျှင် ရေရှည်နိုင်ငံရေး စင်္ကြံလမ်းတွင် နိမ့်ပါးမှုများ၊ အားနည်းမှုများ၊ အဆင်မပြေ ရှုပ်ထွေးမှုများနှင့် ကြုံလာရနိုင်သည်ကို မျက်ခြည်မပြတ်သင့်ပါကြောင်း ပြည်သူလူထု အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။

(၂၀၁၂ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်)

Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
2

Post a Comment

 
Top