Created on Tuesday, 03 December 2013 23:38
မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု အမှန်တကယ် မရှိသဖြင့် ပြည်သူများ ခါးစည်းခံနေရခြင်းအား တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးရန်အတွက် လူထုအခြေခံ ဥပဒေ အထောက်အကူပြု လက်တွေ့လမ်းညွှန်စာအုပ်ကို ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်မြင့် Law Firm အဖွဲ့၏ မန္တလေးရုံးခွဲ တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးဟန်မြင့်က ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီ၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲတွင် ပြောကြားသည်။
စာအုပ်ရေးသား ပြုစုသူ ဦးကျော်မြင့် Law Firm က မြန်မာနိုင်ငံတွင် Paralegals ဟူသော ဝေါဟာရမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမှု မရှိကြောင်းနှင့် Paralegals ဆိုသည်မှာ ဥပဒေပညာရှင် မဟုတ်သော်လည်း ဆင်းရဲသည့် ပြည်သူများ ဥပဒေ အကာအကွယ် ရရှိစေရန်အတွက် လေ့ကျင့်ပေးထားသည့် အရပ်သားများ ဖြစ်သည်ဟု ပြောကြားသည်။ ထို့အပြင် Law Firm အနေနှင့် Paralegals များအား သင်တန်းစတင် ပေးခဲ့သည့် ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်များအတွင်း စစ်အစိုးရ လက်အောက်၌ လျှို့ဝှက်စွာ ပေးခဲ့ရကြောင်းကိုလည်း ပြောကြားခဲ့ပြီး ထိုအချိန်က သင်တန်းအနေနှင့် ပြည့်စုံစွာ သင်ကြားခဲ့ခြင်း မဟုတ်ဘဲ ရှိသမျှ စာရွက်စာတမ်းများဖြင့်သာ ဖြစ်အောင်လုပ်ခဲ့ရသည့် အခြေအနေ ဖြစ်သည်ဟု ရှင်းပြခဲ့သည်။ ထို့အပြင် ဦးကျော်မြင့်က Law Firm အနေနှင့် Paralegals သင်တန်းကို ၂၀၁၄ ခုနှစ်အတွက် ကျောက်ဖြူမြို့ကို ရွေးချယ်ထားကြောင်းနှင့် ကျောက်ဖြူမြို့တွင် တရုတ်သို့သွားသည့် ရေနံပိုက်လိုင်း ဖြတ်သန်းသွားမှုကြောင့် အချိန်မရွေး အန္တရာယ် ကျရောက်နိုင်ကြောင်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံချက်ကြောင့် ဒေသခံများ လယ်ယာမြေ ပြဿနာများ ကြီးထွားလာနေခြင်းကြောင့် အရေးကြီးဇုန်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်ဟု ပြောကြားလိုက်ပြီး ကျောက်ဖြူမြို့တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြစ်ပွားနေသည်ဟုလည်း ပြောကြားသည်။
NAMATI မှ Program Manager Laura Goodwin က Paralegals ဆိုသည်မှာ ဆင်းရဲနွမ်းပါးသူများနှင့် အားနည်းသူများကို ဥပဒေဆိုင်ရာ စွမ်းရည်မြှင့်တင် ပေးရန်အတွက် ကြိုးပမ်းမှု တစ်ရပ်ဖြစ်ပြီး အသွင်ကူးပြောင်း ကာလအတွင်း တရားမျှတမှု ရရှိရေးအတွက် အစိုးရနှင့် ပြည်သူကြား၊ ပြည်သူနှင့် ဥပဒေ ပညာရှင်များကြား ချိတ်ဆက်ဆောင်ရွက် ကြသူများဖြစ်ပြီး ဥပဒေဆိုင်ရာ ကိစ္စများ၊ နိုင်ငံသား ဖြစ်မှုများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ၊ လယ်ယာမြေဆိုင်ရာ ပြဿနာများကို ကူညီလုပ်ဆောင် ပေးသည်ဟု ရှင်းလင်းခဲ့သည်။ Paralegals များ အနေနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် အလုပ်သမား အရေးကို ဦးစားပေး ဆောင်ရွက်နေပြီး အီကွေဒေါနိုင်ငံတွင် သဘာဝ သယံဇာတများ ပျက်စီးမသွားစေရန်အတွက် အဓိက လုပ်ဆောင်ကာ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် အမျိုးသမီးငယ်များ လူကုန်ကူး ခံရမှုများမှ ကာကွယ်ပေးရန်နှင့် ဆီလီနီယွန် နိုင်ငံတွင်မူ အဓမ္မ ခိုင်းစေခံရမှု၊ အိမ်တွင်းအကြမ်းဖက် မှုများနှင့် ကလေးသူငယ်များအား အကြမ်းဖက် ခိုင်းစေမှုများအား ဥပဒေကြောင်းအရ အကာအကွယ် ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက်တွင်မူ တောင်အာဖရိက နိုင်ငံ၏ အသွင်ကူးပြောင်းမှုအတွင်း တရားမျှတမှုအတွက် ဆောင်ရွက်ခဲ့ကြောင်းကိုလည်း ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် Paralegals များက အထူးသဖြင့် ဥပဒေ အထောက်အကူပြုရန် လိုအပ်နေကြောင်း တွေ့ရှိရသည်ဟုလည်း ပြောကြားသည်။
လူထု အခြေခံ ဥပဒေ အထောက်အကူပြု လမ်းညွှန်စာအုပ်အား Law Firm နှင့် NAMATI က ပူးပေါင်းထုတ်ဝေ ခဲ့ခြင်းဖြစ်သည်။
အေးချမ်းမွန် Credit To >Eleven Media Group
Thank https://www.facebook.com/
Post a Comment