ရန်ကုန်၊ ဒီဇင်ဘာ ၃
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ယှဉ်ပြိုင်မှုရှိပြီး စနစ်ကျသော နိုင်ငံတကာ အဆင့်မီ ဆက်သွယ်ရေးကဏ္ဍ အဖြစ် ပြုပြင်ပြောင်းလဲရန် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး သုံးစွဲမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာသည်။
ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံကိန်း (မူကြမ်း)ကို ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ထုတ်ပြန် ကြေညာထားပြီး ကျေးလက်ဒေသ များသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးချဲ့ရန်နှင့် e-Government စနစ် ဖွံ့ဖြိုးရန် ရည်ရွယ်ထားကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
"နိုင်ငံတစ်ဝန်းလုံးမှာ အင်တာနက်နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပိုကောင်း လာပြီးတော့ ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်အောင် လို့ပါ။ နောက်ပိုင်းမှာ ပုဂ္ဂလိက IT ကုမ္ပဏီတွေကိုပါ ပူးပေါင်းပါဝင်ခွင့် ပေးသွားမှာပါ" ဟု ယင်းဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ဆိုသည်။
အလုံးစုံသော စီမံကိန်း ရင်းနှီးမြှုပ်နှံမှုများကို ရန်ကုန်၊ နေပြည်တော်နှင့် ပတ်ဝန်းကျင် ဒေသများတွင် အကောင်အထည် ဖော်မည် ဖြစ်ပြီး ကျေးလက်ဒေသ များကိုလည်း တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
"e-Government စနစ်ရော၊ ကျေးလက်ဒေသမှာ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ လောလောဆယ် ဆက်သွယ်ရေး နည်းဥပဒေတောင် မထွက်သေးလို့ အော်ပရေတာတွေ လိုင်စင် စောင့်နေရတုန်းလေ။ ဒီဟာတွေ ကရော ဘယ်လောက် ကြာဦးမလဲ" ဟု ပြည်တွင်းရှိ IT လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် e-Government စနစ် အကောင်အထည်ဖော်ရေး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ပူးတွဲ အကောင်အထည် ဖော်လျက် ရှိသည်။
အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/
Post a Comment