0

ဆီးဂိမ်း အမျိုးသား ဘောလုံး ပြိုင်ပွဲ၏ ပထမဆုံးနေ့ ဒုတိယမြောက် ပွဲစဉ်တွင် အိမ်ရှင် မြန်မာ ယူ-၂၃ အသင်းက ကမ္ဘောဒီးယား ယူ-၂၃ အသင်းကို အိမ်ခံပရိသတ် ၂၆,၀၀၀ ၏ ရှေ့တွင် ဂိုးပြတ် အနိုင်ကစားကာ အုပ်စု(ခ)၏ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။ မြန်မာ အသင်းအနေဖြင့် ယခုပွဲတွင် ခြေစွမ်း အကောင်းဆုံး အနေအထားတွင် ရှိမနေခဲ့သော်လည်း စိတ်ဓါတ်ပိုင်း ကောင်းမွန်စွာဖြင့် ပွဲအစအဆုံး အားထည့် ကစားသွားခဲ့ပြီး အုပ်စုထိပ်ဆုံး နေရာကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာသည် ယခုပွဲတွင် အသုံးပြုနေကျ ကစားကွက်ဖြစ်သည့် (၄-၂-၃-၁) ကစားကွက်နှင့်ပင် မြန်မာ အသင်းကို ပွဲထွက်စေခဲ့ပြီး ဂိုးသမား အဖြစ် ပြည့်ဖြိုးအောင်၊ ခံစစ်မှူးများ အဖြစ် ရန်အောင်ဝင်း၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ စည်သူအောင်၊ ကွင်းလယ်တွင် ကျော်မင်းဦးနှင့် နိုင်လင်းဦး၊ ညာတောင်ပံတွင် ကြည်လင်း၊ ဘယ်တောင်ပံတွင် ဒေးဗစ်ထန်၊ နောက်ချန်တိုက်စစ်မှူး အဖြစ် ကျော်ဇေယျာဝင်း၊ တိုက်စစ်မှူး အဖြစ် ကြည်လင်းတို့ကို အသုံးပြုခဲ့သည်။ ကမ္ဘောဒီးယား အနေဖြင့် ယခုပွဲတွင် မြန်မာအသင်းကို ခံကစားခဲ့သော်လည်း မြန်မာအသင်း၏ တောင်ပံကစားသမားများကို ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

ပွဲအစ (၁)မိနစ်မှာပင် မြန်မာတို့ ထောင့်ကန်ဘော ရခဲ့ပြီး အဆိုပါ ထောင့်ကန်ဘောကို ကျော်ဇေယျာဝင်း အပေးအယူလုပ်ကာ ကန်တင်ခဲ့သော်လည်း အနည်းငယ် များသွားခဲ့သည်။ ပွဲချိန် (၃)မိနစ်တွင်လည်း မြန်မာတို့ ဒုတိယအကြိမ် ထောင့်ကန်ဘော ထပ်ရခဲ့ပြီး ကြည်လင်း ခင်းပေးရာမှ စည်သူအောင် ကန်တင်ခဲ့သော်လည်း ဂိုးလွန်ဘောသာ ဖြစ်ခဲ့သည်။ နှစ်သင်းလုံး လျှင်လျှင်မြန်မြန်ဖြင့် ပွဲကို စခဲ့သော်လည်း အမှားများနေခဲ့သည်။ မြန်မာ အသင်းအနေဖြင့် ကွင်းလယ်ပိုင်းမှ ဘောလုံး ခင်းပေးသည်ထက် ခံစစ်မှူးများမှ တိုက်စစ်ကို တိုက်ရိုက် ပံ့ပိုးသော နည်းကို အသုံးပြုခဲ့သည်။ သို့သော် ကန်တင်ဘောများ ထိရောက်မှု မရှိခဲ့သောကြောင့် ပွဲချိန် (၁၀)မိနစ်ထိ ထိရောက်သည့် ဂိုးကန်သွင်းခွင့် ရရှိခဲ့ခြင်း မရှိပေ။ ပွဲချိန် (၁၃)မိနစ် အရောက်တွင် ကမ္ဘောဒီးယားတို့ မြန်မာဂိုးပေါက်ကို ပထမဆုံး ခြိမ်းခြောက် နိုင်ခဲ့ပြီး ဂိုးရရန်လည်း နီးစပ်ခဲ့သည်။ တန်ပြန်တိုက်စစ်မှ တဆင့် ကမ္ဘောဒီးယား ကစားသမားများ အပေးအယူလုပ်ပြီး တိုက်စစ်မှူး ဆော့ဖန်းက ဧရိယာ အတွင်းမှ အနီးကပ် ကန်သွင်းခဲ့သော်လည်း မြန်မာအသင်း ဂိုးသမား ပြည့်ဖြိုးအောင် တားဆီးနိုင်ခဲ့သောကြောင့် မြန်မာတို့ သက်သာရာ ရခဲ့သည်။ ပွဲချိန် (၁၆)မိနစ် တွင်မူ မြန်မာတို့ အဖွင့်ဂိုး စတင် ရရှိခဲ့တော့သည်။ ထောင့်ကန်ဘောမှ တဆင့် စည်သူအောင်၏ ကန်တင်ပေးပို့မှုကို နောက်ခံလူ ဇော်မင်းထွန်းက အဝေးတိုင်ထောင့်သို့ လှလှပပ ခေါင်းတိုက် သွင်းပေးခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် (၂၅)မိနစ် အရောက်တွင် ရန်အောင်ဝင်း နောက်တန်းမှ ကန်တင်လိုက်သည်ကို ကမ္ဘောဒီးယား နောက်ခံလူ ဖျက်ထုတ်ပုံ မပြတ်သားရာမှ ကျော်ဇေယျာဝင်း တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရသော်လည်း အံ့အားသင့်ဖွယ် ဖြုန်းတီးပြစ်ခဲ့သည်။ ပွဲချိန် (၂၆)မိနစ်တွင် မြန်မာ ကွင်းလယ်လူ ကျော်မင်းဦး ဘယ်ခြမ်းမှ ဆွဲဝင်ကန်သွင်းမှု ကောင်းမွန်သော်လည်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ မြန်မာ အသင်းအနေဖြင့် ကမ္ဘောဒီးယားအပေါ် ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူ ကစားနိုင်ခဲ့သော်လည်း တိကျသည့် တိုက်စစ်ဆင်မှုများ နည်းပါးခဲ့သည်။ ပွဲချိန် (၃၃)မိနစ်တွင် တန်ပြန်တိုက်စစ်မှ ကမ္ဘောဒီးယား ကွင်းလယ်လူ ချင်းချိုအွန် တစ်ဦးတည်း အပိုင်ကန်သွင်းခွင့် ရခဲ့သော်လည်း ပြည့်ဖြိုးအောင် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် (၃၄)မိနစ်တွင် မြန်မာတို့ အမှတ်မထင် ဒုတိယဂိုး ရရှိခဲ့သည်။ ကြည်လင်း ညာခြမ်းမှ တစ်ကိုယ်တော် အစွမ်းဖြင့် ဆွဲဝင်ပြီး အသာအယာ မ,ပေးသည်ကို ဧရိယာ အတွင်း အသင့်ရှိနေသည့် ကျော်ကိုကိုက နောက်ခံလူ နှစ်ဦးကြားမှ လှလှပပ ခေါင်းတိုက်သွင်းခဲ့ခြင်း ဖြစ်သည်။ လက်ကျန်ပွဲချိန်များတွင်မူ မြန်မာအသင်းကသာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူထိန်းချုပ်သွားခဲ့သောကြောင့် ပထမပိုင်း အပြီးတွင် မြန်မာအသင်းက အနိုင်ရနေခဲ့သည်။

ဒုတိယပိုင်း ပြန်စချိန်တွင် မြန်မာနည်းပြချုပ် ပတ်ဆောင်ဟွာက ဒဏ်ရာ အနည်းငယ် ရှိနေသည့် ကြည်လင်းနေရာတွင် သိန်းသန်းဝင်းကို လူစားလဲခဲ့သည်။ မြန်မာ အသင်း အနေဖြင့် ဒုတိယပိုင်း ပြန်စချိန် ကတည်းက တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် (၄၇)မိနစ် အရောက်တွင် တတိယမြောက် ဦးဆောင်ဂိုးကို ရရှိခဲ့သည်။ ထိုဂိုးကို လူစားဝင် ကစားသမား သိန်းသန်းဝင်းက ဘယ်ခြမ်းမှ နောက်ခံလူတစ်ဦးနှင့် အပြိုင် ဆွဲဝင်ကာ ခင်းပေးသည်ကို ကျော်ကိုကိုက ကမ္ဘောဒီးယား ဂိုးသမား၏ ပေါင်ကြားသို့ အသာအယာ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ တတိယဂိုး ရပြီးနောက်တွင်မူ မြန်မာ အသင်းအနေဖြင့် ပထမပိုင်းကကဲ့သို့ တရကြမ်း ကစားခြင်း မရှိတော့ပဲ တိုက်စစ်အရှိန် အနည်းငယ် ချကာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီး ကမ္ဘောဒီးယားကို လွှမ်းမိုးနိုင်ရန် အားထုတ်လာခဲ့သည်။ ပွဲချိန် မိနစ်(၆၀)တွင် ကမ္ဘောဒီးယားတို့ ဂိုးရရန် နီးစပ်ခဲ့ပြီး ဘယ်တောင်ပံ ကစားသမား ချင်းချိုအွန်၏ ဧရိယာ အတွင်းမှ အမှတ်မထင် ကန်သွင်းမှုကို ပြည့်ဖြိုးအောင် ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် (၆၁)မိနစ်တွင် ဒေးဗစ်ထန်၏ အားထုတ်မှုမှ ကျော်ကိုကို ပိတ်သွင်းခဲ့သော်လည်း ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ တစ်ဆက်တည်း ဆိုသလိုပင် ကျော်ဇေယျာဝင်း လွတ်ထွက်သွားပြီး ဂိုးသမားကို ကျော်ကန်ခဲ့သော်လည်း အနည်းငယ် နောက်ကျသွားခဲ့သည်။ ပွဲချိန် မိနစ်(၇၀) အရောက်တွင် ညာခြမ်း၌ ခြေစွမ်းပြနေသည့် ဒေးဗစ်ထန် အစား သက်နိုင် ၀င်ရောက်လာခဲ့သည်။ ပွဲချိန် (၇၂)မိနစ်တွင် မြန်မာ ဂိုးဧရိယာ ဘယ်ဘက်ခြမ်းမှ ကမ္ဘောဒီးယားတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သော်လည်း အရာမရောက်ခဲ့ပေ။ ပွဲချိန် (၇၇)မိနစ်တွင် ကျော်ကိုကို ခေါင်းနှင့်ထိပြီး ကျလာသည့် ဘောလုံးကို ကျော်ဇေယျာဝင်း ပြေးကန်သော်လည်း ကမ္ဘောဒီးယား နောက်ခံလူများ တားဆီးနိုင်ခဲ့သည်။ ပွဲချိန် (၇၅)မိနစ် နောက်ပိုင်းတွင် နှစ်သင်းလုံး ကစားအား ချခဲ့သောကြောင့် ပွဲအနည်းငယ် အေးလာခဲ့သည်။ ပွဲချိန် မိနစ်(၈၀) တွင် ကျော်ကိုကို ထိုးဖောက်လာခဲ့ပြီး ဂိုးရရန် နီးစပ်ခဲ့သော်လည်း ပေါ့ဆခဲ့သဖြင့် ဂိုးလွန်ဘောသာ ဖြစ်ခဲ့သည်။ မြန်မာ အသင်းအနေဖြင့် ကမ္ဘောဒီးယား အသင်း၏ ကစားအား ကျသွားခဲ့သည့် တောင်ပံများကို ကျော်ကိုကို၊ သက်နိုင်တို့၏ မြန်နှုန်းကို အသုံးပြုကာ ထိုးဖောက်ခဲ့သည်။ ကျော်ကိုကို အနေဖြင့် မကြာခဏ တစ်ဦးတည်း လွတ်ထွက်သွား ခဲ့သော်လည်း မလိုအပ်သည့် အပြုအမူ များကြောင့် ဂိုးထပ်မရခဲ့ပေ။ ပွဲချိန် (၈၂)မိနစ်တွင် ကွင်းလယ်မှ ကျော်မင်းဦး အစား ရဲလင်းအောင် ၀င်ရောက် လာခဲ့သည်။ ပွဲချိန် (၈၄)မိနစ်တွင် သိန်းသန်းဝင်း၏ ညာခြမ်းမှ ကန်ချက် ကောင်းသော်လည်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် (၈၉)မိနစ် အရောက်တွင် ကမ္ဘောဒီးယား နောက်ခံလူ ခြေထဲမှ သက်နိုင်လုသွားပြီး အပြင်းကန်သွင်း သော်လည်း ဂိုးသမား ကာကွယ်နိုင်ခဲ့သောကြောင့် ဂိုးထပ်မရတော့ပဲ ပွဲအပြီးတွင် မြန်မာတို့ အနိုင်ရခဲ့သည်။

အေးချမ်းမွန် Credit To >Soccer Myanmar < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top